အစ္စရေးရောက်မြန်မာများအား ကူညီနိုင်ရေး ကြိုးစားနေဟု NUGဝန်ကြီး အသိပေး

အစ္စရေးရောက်မြန်မာများအား ကူညီနိုင်ရေး ကြိုးစားနေဟု NUGဝန်ကြီး အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်

ရွှေနွယ်(မဇ္ဈိမ)။ ။အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် လတ်တလောစစ်ရေးပဋိပက္ခကာလ၌ အကူအညီလိုအပ်ပါက တတ်နိုင်သ၍ ဆောင်ရွက်ပေးနိုင်ရေး ကြိုးစားပေးမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်ဟု အစ္စရေးရောက်မြန်မာများထံမှသိရသည်။

အစ္စရေးနိုင်ငံရောက်မြန်မာများနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့သည် ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့တွင် အွန်လိုင်း မှတဆင့် တွေ့ဆုံဆွေးနွေးကြစဉ် ဝန်ကြီး ဒေါ်ဇင်မာအောင်ကထိုကဲ့သို့ ပြောကြားခဲ့ခြင်းဟု သိရသည်။

“အားပေးပါတယ်။ ဆက်ဆွေးနွေးမယ်။ တတ်နိုင်တာ ကူညီပါ့မယ်ပေါ့” ဟု ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက မဇ္ဈိမကိုပြောသည်။

ဆွေးနွေးပွဲအတွင်း ဝန်ကြီးဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးအရ ဦးဆောင်နေသူများနှင့်အတူ ပြည်သူများမှာ အခက်အခဲများကြားမှ ရုန်းကန်နေကြရဆဲဖြစ်သည့်အတွက် တည်ငြိမ်သည့်နိုင်ငံတခု၏ အစိုးရတရပ်ကဲ့သို့ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သို့သော် NUG အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များအား အစ္စရေးရောက်မြန်မာများနှင့် ဆက်လက်ဆွေး​နွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အစ္စရေးရောက်မြန်မာ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

အစ္စရေးနိုင်ငံတွင် လက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားဦးရေ၂၅၀ ထက်မနည်းရှိပြီး အများစုသည် စီးပွားရေးအချက်အချာကျရာမြို့ဖြစ်သည့် တဲလ်အဗစ်(Tel Aviv )မြို့နှင့်အနီးတဝိုက်တွင် နေထိုင်ကြခြင်းဖြစ်သည်။

အစ္စရေးရောက်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုပါက ကယ်ဆယ်ရေးလေယာဉ်စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားဆက်သွယ်ရမည်ဖြစ်ကြောင်းတဲလ်အဗစ်မြို့ရှိ စစ်ကောင်စီမြန်မာသံရုံးမှ အောက်တိုဘာ ၁၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။သို့သော် လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ ပြန်ရန် သံရုံးသို့ ဆက်သွယ်သူ ရှိသည်ဟု မကြားရကြောင်းနှင့် အစ္စရေးရောက်မြန်မာများနှင့် သံရုံးတို့အကြားတွင် မည်သည့်ဆွေးနွေးမှုတစုံတရာမှမရှိသေးကြောင်းလည်းတဲလ်အဗစ်မြို့မှ မြန်မာအချို့ပြောသည်။

လတ်တလောတွင် အလုပ်အကိုင်များရပ်နားထားရပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေပါက အခက်အခဲများရင်ဆိုင်ရနိုင်ကြောင်း အစ္စရေးရောက်မြန်မာများက‌ ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ အစ္စရေးရောက်မြန်မာနိုင်ငံသားတဦးက “အရင်လိုပါပဲ။ ဒီဘက်ကလှမ်းပစ်။ ဟိုဘက်ကလှမ်းထုပါ” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့နံနက်ပိုင်းက ဟားမတ်စ်တပ်ဖွဲ့သည် ဂါဇာ−အစ္စရေး နယ်စပ်မှလုံခြုံရေးအတားအဆီးများကိုကျော်ဖြတ်၍ ဂါဇာကမ်းမြှောင်အနီးတွင်ကျင်းပနေသည့် ဂီတပွဲတော်သို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှ လူဦးရေ ၁၄၀၀သေဆုံးခဲ့ရပြီး ဓားစာခံအဖြစ် ၂၀၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း အစ္စရေးဘက်မှ ကြေညာထားသည်။ ထို့နောက်ပိုင်းတွင် အစ္စရေးဘက်မှလည်း ဂါဇာသို့ လေကြောင်းရော မြေပြင်မှပါထိုးစစ်ဆင်ခဲ့သည့်အတွက် ယနေ့ အောက်တိုဘာလ ၂၃ရက်အထိ ဂါဇာတွင် ၅၀၈၇ဦးသေဆုံးပြီး ၁၅,၂၇၃ဦးထိခိုက်ထားသည်ဟု ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း