ချောင်းဦးတွင် မြို့အ၀င်စစ်တပ်ဂိတ်ကို PDF က ၀င်တိုက်၊ မြို့ကိုစီးနင်းထားဟုဆို

ချောင်းဦးတွင် မြို့အ၀င်စစ်တပ်ဂိတ်ကို PDF က ၀င်တိုက်၊ မြို့ကိုစီးနင်းထားဟုဆို

ချောင်းဦးမြို့အ၀င် ဆိုင်းဘုတ်။ Photo CJ

007 (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ စစ်ကောင်စီ၏ဂိတ်စခန်းတစ်ခုကို၊ ယနေ့နံနက်ပိုင်းတွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးပြီး၊ မြို့ကိုလည်း ၀င်ရောက်စီးနင်းထားကြောင်း ဒေသခံများထံကသိရသည်။

“မနက်စောစောစီးစီး အုန်းဒိုင်းသံတွေကြားရပြီး၊ PDF တွေမြို့ထဲ၀င်လာတာလို့ပြောတယ်၊ အခုညနေပိုင်းအထိ ပစ်ခတ်သံတွေကြားနေရတုန်းပဲ၊ အင်တာနက်အခက်အခဲကြောင့် လတ်တလောဒီလောက်ပဲ သိရသေးတယ်” ဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့အ၀င်၊ မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ၊ စစ်ကောင်စီ၏မြပုလဲဂိတ်စခန်းကို ယနေ့ နို၀င်ဘာလ ၄ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင်၊ တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ပြီး၊ တဆက်တည်းဆိုသလို ချောင်းဦးမြို့ကိုလည်း ၀င်ရောက်စီးနင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဘောလုံးကွင်းနားက စကစဂိတ်စခန်းဗျ၊ အဲဒါကို PDF တွေ၀င်တိုက်တာ၊ စခန်းကျတယ်၊ PDF တွေက စခန်းကို မီးရှို့ပြီး၊ မြို့ကို၀င်စီးထားတာပါ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” ဟု မုံရွာမြို့ဘက်စစ်ဘေးရှောင်လာ သူများ၏ပြောပြချက်အပေါ်ကိုးကားပြီး အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

ယနေ့ညနေ ၄ နာရီခန့်အထိ၊ ချောင်းဦးမြို့ဘက်ကနေ ပစ်ခတ်တိုက်ခိုက်သံများကြားနေရပြီး၊ အင်တာနက် အခက်အခဲကြောင့် သတင်းဆက်လက်ရရှိနိုင်ရန် အခက်အခဲဖြစ်နေကြောင်းလည်း ဒေသခံများကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍၊ ချောင်းဦးမြို့နယ်ပြည်သူ့သတင်းအဖွဲ့ကလည်း၊ ဖြစ်စဉ်မှန်ကန်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ရဲဘော်ငါးဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သတင်းဖော်ပြထားသည်။

စစ်အုပ်စုဘက်က သတင်းများတွင်မူ၊ PDF များက ဂိတ်စခန်းအနီးရှိတံံတားတစင်းအား ဖောက်ခွဲဖျက်ဆီးပြီး၊ ချောင်းဦးမြို့ထဲအထိ ၀င်ရောက်တိုက်ခိုက်နေကြောင်း ဆိုသည်။

ဖြစ်စဉ်အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဒေသအဖွဲ့အစည်းများနှင့်ဆက်သွယ်နေသော်လည်း၊ အဆက်အသွယ်မရသေးပေ။

စစ်ကိုင်းတိုင်းအတွင်း၊ ယနေ့နံနက် ၈ နာရီခန့်တွင်လည်း၊ တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခါမ်းပါတ်တပ်စခန်းနှင့် ဝိတုတ်တပ်စခန်းတို့ကို၊ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး၊ ဝိတုတ်ကျေးရွာကို ထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံကသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆက်တိုက်ဆင်နွှဲနေချိန်၊ စစ်ကိုင်းတိုင်းအပါအ၀င် တနိုင်ငံလုံးနေရာအနှံ့အပြားနီးပါးရှိ ပြည်သူ့ကာကွယ်ရေး တပ်များကလည်း စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)