ခေါ်နူးစုမ်အမျိုးသားဥယျာဥ်မှ သစ်ခွအမျိုးမျိုးကိုရောင်းဝယ်ပါက အရေးယူမည်ဟု မြို့နယ်ပအဖထုတ် ပြန်

ခေါ်နူးစုမ်အမျိုးသားဥယျာဥ်မှ သစ်ခွအမျိုးမျိုးကိုရောင်းဝယ်ပါက အရေးယူမည်ဟု မြို့နယ်ပအဖထုတ် ပြန်

ကိုခင်မောင် (မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဥ်နှင့် အခြားသစ်တောများ အတွင်းပေါက်ရောက်လျှက်ရှိနေသော သစ်ခွအမျိုးမျိုးအား ရောင်းဝယ်ဖောက်ကားခြင်းများပြုလုပ်ပါက အရေးယူဆောင်ရွက်သွားမည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။


“သစ်ခွစိုက်ပျိုးထုတ်လုပ်နိုင်တဲ့အနေအထားမရှိဘဲ ထိန်းသိမ်းတောတွေထဲမှာ အလွန်အကျွံထုတ်ယူလာ ရင် သဘာဝကပေးတဲ့ အဖိုးတန်သစ်ခွပန်းတွေ မျိုးသုဉ်းနိုင်ပါတယ်”ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနိုင်းချွဲက ပြောသည်။


သစ်ခွပန်းများရှာဖွေရာတွင် သစ်ပင်သစ်ကိုင်းများပါမကျန် ခုတ်လှဲနေကြသည့်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင်သဖြင့် ယခုကဲ့သို့ တားမြစ်ပိတ်ပင်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“သက်တမ်းရင့်သစ်ပင်ကြီးတွေကို ခုတ်လှဲပြီး သစ်ခွပင်ကိုယူကြတယ်။ ဒီထက်ပိုဆိုးလာရင် သက်တမ်း ရင့်တဲ့ သစ်ပင်ကြီးတွေလည်း ပြုန်းတီးလာမယ်။ ပြီးတော့ ရှားပါးတဲ့ သစ်ခွပန်းမျိုးစုံတွေလည်း မျိုးသုဥ်း ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာဖြစ်လို့ အခုလိုထုတ်ပြန်တာပါ” ဟု ဦးနိုင်းချွဲက မဇ္စျိမကိုပြောသည်။


အာဏာသိမ်းပြီးနောက် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်နှင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ ထိန်းသိမ်းရေး သစ်တောများမှ သစ်တောထွက်ပစ္စည်းများကို နီးစပ်ရာကျေးရွာများနှင့် မြို့နယ်များမှ ပြည်သူများက သစ်ပင်များခုတ်လှဲခြင်း၊ နယ်မြေကျူးကျော်ကာ သစ်တောထွက် ပစ္စည်းအမျိုးမျိုးကို တရားမဝင် ရှာဖွေ စုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်လာကြသည်ဟု ဆိုသည်။
ထိုသို့ နယ်မြေကျူးကျော်မှုများနှင့် စည်းမဲ့ကမ်းမဲ့လုပ်ဆောင်မှုများကို တားဆီးနိုင်ရေးအတွက် မြို့နယ်လုံး ဆိုင်ရာ စုံညီအစည်းအဝေးများတွင် ဆုံးဖြတ်ချက်များ ချမှတ်ထားပြီး သက်ဆိုင်ရာဒေသ၊ နယ်မြေအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ညွှန်ကြားချက်များ ပေးပို့အကြောင်းကြားပြီးဖြစ်ကြောင်း ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။
“ပြည်သူတွေကလည်း နားလည် လိုက်နာပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ တားမြစ်ချက်ကို ချိုးဖောက်တာမျိုးရှိလာရင်တော့ ပစ္စည်းတွေကို ဖမ်းဆီးမယ်၊ ကျူးလွန်သူတွေကို သူတို့ရဲ့လုပ်ရပ် အပေါ် မှာ သုံးသပ်ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ဦးနိုင်းချွဲက ပြောသည်။
ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဥ်နှင့် အခြားသစ်တောများအတွင်း သစ်ခွပန်းအမျိုးမျိုး ပေါက်ရောက်လျှက်ရှိပြီး သဘာဝကပေးသော အဖိုးတန်အမွေအနှစ်များအဖြစ် ဒေသခံများက အစဉ် အဆက်ထိန်းသိမ်းလာခဲ့ကြသည်ဟု သိရသည်။


စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ