စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင် ၂၀,၀၀၀ ကျော်ရှိ၊ အရပ်သား ၁၀ ဦးကျော်သေဆုံး

စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင် ၂၀,၀၀၀ ကျော်ရှိ၊ အရပ်သား ၁၀ ဦးကျော်သေဆုံး

စစ်ဆင်ရေး ၁၀၂၇ ငါးရက်မြောက်အတွင်း ဘေးလွှတ်ရာ တိမ်းရှောင်နေကြရသည့် ပြည်သူများ (ဓာတ်ပုံ- CJ)

009 (လားရှိုး) (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင်ဦးရေ ၂၀,၀၀၀ကျော်အထိ ရှိလာပြီး အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မဇ္ဈိမက စုံစမ်း သိရသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ထိုစစ်ဆင်ရေးမှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။

စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လားရှိုး၊ သိန်းနီ၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့် မုံးကိုးမြို့မှ ဒေသခံများသည် ဘုန်းတော်ကြီးကျောင်းများနှင့် လုံခြုံရာနေရာများတွင် အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေကြရသည်။ ချင်းရွေဟော်မှ နမ့်တစ်မြို့သို့ ပြောင်းရွေ့ခိုလှုံနေသည့် စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်၊ လားရှိုးမြို့တွင် စစ်ရှောင်ဦးရေ ၅,၆၂၆ ၊ သိန္နီမြို့နယ်တွင် စစ်ရှောင်ဦးရေ ၅,၀၀၀ ကျော်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးအစ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်းတွင် မြို့ပေါ်နှင့် မြို့အနီးအနားကျေးရွာများရှိ ဒေသခံများသည် တရုတ်ပြည်နှင့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နမ့်တစ်မြို့ဘက်သို့အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။

“နမ့်တစ်မြို့ပေါ်မှာတော့ ချင်းရွှေဟော်ဘက်က စစ်ရှောင် ၁၀,၀၀၀ ဝန်းကျင်ရောက်ရှိနေပြီး ခိုလှုံမှုနဲ့ အကူအညီတွေ လုပ်ဆောင်ပေးနေတယ်” ဟု “၀”ပြည် ပြည်ပဆက်ဆံရေးရုံး (လားရှိုး)၏ တာဝန်ရှိသူ တဦးက မဇ္ဈိမ ကို ပြောသည်။

“ စစ်ရှောင်တွေကတော့ ချင်းရွှေဟော်ဒေသက ဖြစ်ပါတယ်။ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် ရှောင်ကြပြီးတော့ တချို့လည်း နေရပ် ပြန်တာရှိပါတယ် ”ဟု “၀”ပြည် ပြည်ပဆက်ဆံရေးရုံး(လားရှိုး) တာဝန်ရှိသူ ဦးညီရန်းက ပြောပါသည်။

ရှမ်းမြောက်ဒေသ တိုက်ပွဲများကို ကွပ်ကဲရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ပေါ်အထိ တိုက်ပွဲများ ကျယ်ပြန့်လာနေပြီး လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းကိုးကျောင်းတွင် စစ်ရှောင်ဦးရေ ၅,၆၂၆ ဦးအထိရှိကြောင်း သိရသည်။

လူဦးရေ ၃,၀၀၀ ဖြင့် အများဆုံး ခိုလှုံနေကြသည့် မြို့ပေါ် မန်ဆူဘုန်းကြီးကျောင်းတွင် နေရာထိုင်ခင်း အခက်အခဲနှင့် အကူအညီပေးရေး အလှူရှင်အဖွဲ့အစည်းများ လာရောက်ကူညီမှု နည်းပါးနေကြောင်း စစ်ရှောင်စခန်းတာဝန်ခံ အရှင်စဝ်ခူးကောလိနဒက မိန့်ကြားပါတယ်။

“ အဖွဲ့အစည်းတွေ ကူတာကတော့ နည်းပါတယ်။ တဦးတယောက်ခြင်း လာကူနေတာတော့ ရှိတယ်။ ဒီမှာတော့ ကြက်ခြေနီတွေ ဆေးပေးခန်းလာဖွင့်ပေးထားတယ်။ ရွာ ၁၀ရွာကျော်လောက်က ရှောင်လာတော့ နေထိုင်ဖို့က နည်းနည်းခက်ခဲပါတယ် “ဟု ၎င်းကဆိုသည်။

မန်ဆူဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ အနက် အရပ်သား လေးဦးသည် သေနတ်၊ လက်နက်ကြီးစ ထိမှန်၍ လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ‌ေကြာင်း သိရသည်။ ။

လားရှိုးမြို့နယ် ဟိုနမ့်ဘုန်းကြီးကျောင်းတွင် ၂၅၀ ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်းတွင် ၂၀၀ဦး၊ မိုင်းတင်ဘုန်းကြီးကျောင်းတွင် ၁၀၀ ဦး၊ ကုန်းဆာဘုန်းကြီးကျောင်းတွင် ၄၅၀ ဦး၊ မန်ဆူဘုန်းကြီးကျောင်းတွင် ၃,၀၀၀ ဦး၊ မန်အိုင်အထက်ရွာ ဘုန်းကြီးကျောင်းတွင် ၁၆၀ ဦး၊ တာပုံဘုန်းကြီးကျောင်းတွင် ၅၀၀ ဦး၊ ပန်နားဘုန်းကြီးကျောင်းတွင် ၆၆၆ ဦး၊ မိုင်းကြပ်ဘုန်းကြီးကျောင်းတွင် ၃၀၀ ဦး စုစုပေါင်း လူဦးရေ ၅၆၂၆ ဦး ရောက်ရှိခိုလှုံနေ‌ေကြာင်း သိရသည်။ ။

လားရှိုးနှင့် ၂၅ မိုင်ခန့်အကွာရှိ သိန္နီမြို့နယ်တွင် MNDAAနှင့် ပူးပေါင်းတပ်များက မြို့အဝင်၊အထွက်ကို ထိန်းချုပ်ထားပြီး မြို့ပြင် ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းနှင့် ဟိုမိန်းရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ဦးရေ ၅၀၀၀ ကျော် ခိုလှုံနေကြောင်း ဘုန်းကြီးကျောင်း တာဝန်ရှိသူများထံက သိရသည်။

ရှမ်းလူငယ်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ကျောင်းခမ်းရွာ ဘုန်းတော်ကြီးကျောင်းရှေ့ လှုပ်ရှားနေသည့် စစ်ကောင်စီတပ် တပ်မ( ၆၉) က စစ်ရှောင်စခန်းရှိ လက်နက်ကြီးထိ ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးကုသခွင့် မပေးခဲ့၍ သေဆုံးခဲ့ရကြောင်းဖော်ပြထားသည်။

သိန္နီမြို့နယ်တွင် ဖုန်းလိုင်းများ ပြက်တောက်နေ၍ စစ်ရှောင်လူဦးရေစာရင်းသည် ဒီထက်ပိုများနိုင်ပြီး အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထို့ပြင် မန်းလေး-ရှမ်းမြောက်အစပ်ရှိ နောင်ချိုမြို့နယ် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းများတွင် စစ်ရှောင် လူဦးရေ ၁,၀၀၀ ကျော်ရှိနေပြီး ကျောက်မဲမြို့နယ် ကောင်းခမ်း၊ နောင်ပိန် ဘုန်းကြီးကျောင်းမှာ စစ်ရှောင် လူဦးရေ ၄၅၀ ကျော်ရှိနေကာ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသမှာလည်း နမ့်မော၊နမ့်ဝမ်း၊ နမ့်ဆာကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် လူဦးရေ ၅၀၀ ဦးကျော်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် မိုးကိုးမြို့နယ် ဒေသခံ ၅၀၀ ကျော်သည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်စဥ် တောလမ်းတွင် ပိတ်မိနေကာ မန်တုံမြို့နယ် မိုင်းဘော်နဲ့ ဟိုနားကျေးရွာများမှ ဒေသခံ ၁,၀၀၀ ခန့်သည်လည်း တောတောင်များထဲ ပိတ်မိနေကြောင်း ရှမ်းမြောက်တွင် စစ်ရှောင်အရေးဆောင်ရွက်နေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) တာဝန်ရှိသူက ပြောသည်။

“ ဒီနေ့အထိတော့ စာရင်းပြုစုထားတာ စစ်ရှောင် ၁၀,၀၀၀ ကျော်ပါပြီ။ တောလမ်းတွေနဲ့ တောင်ယာတွေမှာ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ၁,၀၀၀ ကျော်ရှိနိုင်ပါတယ်။ အရေးကြီးဆုံး လိုအပ်နေတာတော့ လက်လှန်းမမီတဲ့ ဒေသတွေမှာ အစားအစာလိုအပ်နေပါတယ် “ဟု TWO ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမ ကို ပြောသည် ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ချင်းရွှေဟော်မြို့၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နှင့် နမ့်ခမ်းမြို့နယ်တို့မှ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားဒေသခံ ၁၂ ဦး သေဆုံးခဲ့သလို ၂၀ ဦးကျော်ထပ်မနည်းသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဇ္ဈိမက စာရင်းပြုစုထားသည်။

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့၍ လမ်းသွား၊ လမ်းလာ အရပ်သားသုံးဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။

အလားတူ ရှမ်းမြောက် မြို့နယ်အများစုတွင် တိုက်ပွဲအခြေအနေများကြောင့် အခြေခံ စားသောက်ကုန်များကို အလုအယက်ဝယ်ယူနေကြပြီး ဆန် တအိတ်စျေးနှုန်းသည် ကျပ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ကျော် အထိရောက်ရှိနေပြီး ကုန်စျေးများ အဆမတန်မြင့်တက်နေသည် ။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရခိုင်တပ်တော် (AA)တို့သည် အောက်တိုဘာလ ၂၇ ရက်တွင် စစ်ဆင်ရေး ၁၀၂၇ အဖြစ် စစ်ကောင်စီကို စစ်ကြေညာခဲ့ပြီး မြို့နယ်အနှံ့က တပ်စခန်းပေါင်း ၅၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်မြို့နဲ့ မူဆယ်ခရိုင် ဖောင်းဆိုင်မြို့ကို သိမ်းပိုက်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး