မုံရွာတွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး ဟုဆို

မုံရွာတွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး ဟုဆို

Golden Eagle Force တပ်ဖွဲ့ဝင်များ ဓါတ်ပုံ – Golden Eagle Force-Monywa

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် တပ်စွဲထားသည့်နေရာမှ ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း Golden Eagle Force – Monywa က အောက်တိုဘာ ၂၇ရက်နေ့တွင်ထုတ်ပြန်သည်။

မုံရွာ – အမြင့်လမ်းထိပ် လဝက ရုံးဟောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းမှ တပ်သားသုံးဦးနှင့် စစ်သမီးတဦး စုစုပေါင်း လေးဦးသည် ဈေးဝယ်ထွက်လာချိန် အောက်တိုဘာလ ၂၆ရက် မနက် ၈နာရီဝန်းကျင်တွင် ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ဂိတ်နားက ရပ်ကွက်ထဲကို ဈေးဝယ်ထွက်ကြတာပါ။ ပစ်ခတ်မှုပြီးကတည်းက နှစ်ယောက်က အခြေအနေ အရမ်းဆိုးနေပြီး ဆေးရုံရောက်တော့ အသက်မပါတော့ဘူးလို့ သိခဲ့ရတာ” ဟု Golden Eagle Force ခေါင်းဆောင် ဗိုလ်လင်းယုန် က မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး ဆေးရုံအရောက်တွင် သေဆုံးသွားပြီး စစ်သမီးနှင့် အခြားတဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိသွားကြောင်း ဆိုသည်။

တိုက်ခိုက်မှုအပြီး ဂိတ်အတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်လာကာ ပြန်လည်ပစ်ခတ်ရာ ပြည်သူတဦး ခြေထောက်ထိမှန်ခဲ့ပြီး အနီးနားက ပြည်သူတွေကိုလည်း ရိုက်နှက်ခဲ့သည်ကို ပြန်လည်သိရှိရကြောင်း ဗိုလ်လင်းယုန် က ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force နှင့်အတူ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ (မုံရွာ) ၊ Ka Naung Min Thar Gyi (Monywa) တို့ပူးပေါင်းခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် တပ်စွဲထားသော လဝက ရုံးဟောင်းရှိ စစ်ကောင်စီတပ်သားများသည် လမ်းအသွားအလာများကို စစ်ဆေးခြင်း ငွေညှစ်ခြင်းများပြုလုပ်လေ့ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။

အောက်တိုဘာလ ၂၃ရက်နေ့ကလည်း မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ် အခြေစိုက်နှင့် စစ်ကြောင်းကို ဒေသခံတပ်ဖွဲ့များက နှစ်နေရာတွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး အရပ်သားဇနီးမောင်နှံနှစ်ဦး ကျည်ဆံထိ မှန် သေဆုံးခဲ့ကြောင်းသိရသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများသည် ရပ်ကွက်အုပ်ချုပ်ရေးရုံးများ နှင့် မြို့အဝင်အထွက်များတွင်တပ်စွဲ၍ စစ်ဆေးလျက်ရှိနေသည့်ကြားမှ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာနေကြောင်း သိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)