စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ တရားမဝင်ဟု NUG ထုတ်ပြန်၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ စစ်ကောင်စီဖွဲ့စည်း

ရွှေနွယ်


(မဇ္စျိမ) ။ ။ စစ်ကောင်စီထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်‌ကြောင်းနှင့်အကောင်အထည်ဖော်ရာတွင်အထောက်အကူပြုသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညတွင်ယင်းကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းနေသည့် တရားမဝင်အဖွဲ့အစည်းဖြစ်သောကြောင့် ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာလုံး၀မရှိကြောင်း NUG ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကောင်စီမှထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်သောကြောင့် ပြည်သူများ လုံးဝလိုက်နာရန်မလိုကြောင်း ဆိုထားသည်။

စစ်ကောင်စီမှ ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေခြင်းသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟုလည်း NUG ထုတ်ပြန်ချက်ကဆိုသည်။

ပြည်သူလူထုကြုံတွေ့လာရနိုင်သည့် ဘေးဒုက္ခများလျော့နည်းစေရန်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အသေးစိတ်အချက်အလက်များကိုမူ နောက်ဆက်တွဲကြေညာချက်များ လိုအပ်သလို ထုတ်ပြန်သွားမည်ဟုဆိုသည်။

အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်မပြည့်သေးသော အမျိုးသားများနှင့်အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်မပြည့်သေးသော အမျိုးသမီးများ
နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမည့်အချက်အပါအဝင် ပြည်သူများအား စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခိုင်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုကိုလက်မခံဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်အဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ရန်၊ တော်လှန်ရေးအင်အားစုများထံလာရောက်ခိုလှုံကြရန် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းနေကြသည်။

NUGအပါအဝင် လူမျိုးစုတော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်
စိုးရိမ်ပူပင်နေသည့် လူငယ်များကို ခိုလှုံရာများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပါဝင်နိုင်သည့် အခင်းအကျင်းများပြင်ဆင်၍ လူ့စွမ်းအား အရင်းအမြစ်များကို စနစ်တကျ စီမံနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က  တိုက်တွန်းထားသည်။

စစ်ကောင်စီကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သော ကော်မတီဝင် ၁၈ ဦးပါ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ည ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း