ကနေဒါသံတမန်များကို ထွက်ခွာခိုင်းခြင်းမှာ နိုင်ငံတကာစံနှုန်းကို ချိုးဖောက်ခြင်းမဟုတ်ဟု အိန္ဒိယ ပြောကြား 

ကနေဒါသံတမန်များကို ထွက်ခွာခိုင်းခြင်းမှာ နိုင်ငံတကာစံနှုန်းကို ချိုးဖောက်ခြင်းမဟုတ်ဟု အိန္ဒိယ ပြောကြား

အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့တွင် သံတမန်များထားရှိမှုနှင့်ပတ်သက်ပြီး တန်းတူညီမျှမှုကို ရှာဖွေရာတွင် နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခြင်း မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားသည်။ 
 
ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လန်နီဂျိုလီက အိန္ဒိယနိုင်ငံသည် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်က စွပ်စွဲပြောဆိုခဲ့ကာ  

နှစ်နိုင်ငံကြား တင်းမာနေသည့်ကြားက သံတမန် ၄၁ ဦးနှင့် မိသားစုဝင် ၄၂ ဦးကို အိန္ဒိယမှ ပြန်လည်ခေါ်ဆောင်ခဲ့သည်။  

“နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်မှုတစ်ခုအနေနဲ့ လက်စားချေတုံ့ပြန်တဲ့ကြိုးပမ်းမှုမှန်သမျှကို ကျွန်တော်တို့ ပယ်ချပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

“နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ အိန္ဒိယရှိ ကနေဒါသံတမန်အရေအတွက် ပိုများပြားမှုနှင့် ပြည်တွင်းရေးတွင် ကနေဒါက ဆက်လက်ဝင်ရောက်စွက်ဖက်နေမှုများသည် အိန္ဒိယနှင့် ကနေဒါတွင်ရှိသော သံတမန်အရေအတွက်ကို တန်းတူဖြစ်အောင်လုပ်ရန် အကြောင်းခိုင်လုံစေသည်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခုလအစောပိုင်းက အိန္ဒိယ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုအပေါ် အကြောင်းပြလျက် ကနေဒါသံတမန်အရေအတွက်ကို လျှော့ချရန် တောင်းဆိုခဲ့သည်။ 

“အိန္ဒိယက ကနေဒါသံတမန်နဲ့မိသားစုဝင် ၄၁ ဦးအတွက် သံတမန်အခွင့်ထူးတွေကို ဖယ်ရှားမယ့်အစီအစဉ်ကို ထုတ်ဖော်ပြောကြားလာပါတယ်။ ဒါဟာ ကနေဒါသံတမန် ၄၁ ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် ၄၂ ဦးဟာ သံတမန်အခွင့်ထူးတွေ ဖယ်ရှားခံရမယ့် အန္တရာယ်အခြေအနေပါ။ ဒါဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို အန္တရာယ်ကျရောက်စေပါလိမ့်မယ်” ဟု မယ်လန်နီဂျိုလီက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။  
 

အိန္ဒိယက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည့် ခါလစ်စတန်နယ်မြေတည်ထောင်လိုသူ ဟာဒိပ်ဆင်းနစ်ဂျာ ပစ်ခတ်လုပ်ကြံမှု နောက်ကွယ်တွင် အိန္ဒိယအစိုးရ ပါဝင်ပတ်သက်နိုင်ကြောင်း စက်တင်ဘာလတွင် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက စွပ်စွဲခဲ့ပြီးနောက် အိန္ဒိယနှင့် ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာခဲ့သည်။ 

အိန္ဒိယက ထိုစွပ်စွဲချက်များကို အဓိပ္ပါယ်မဲ့ကြောင်းပြောကာ ပယ်ချခဲ့သည်။ ကနေဒါသည် နစ်ဂျာအသတ်ခံရမှုနှင့်ပတ်သက်၍ အများပြည်သူကို သက်သေအထောက်အထားမပြနိုင်သေးပေ။