နယူးဇီလန်ပါလီမန်ကို တရုတ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟက်ကာများ တိုက်ခိုက်ခဲ့

GCSB ၀န်ကြီး ဂျူးဒစ်ကော်လင်းက နယူးဇီလန်ပါလီမန်တိုက်ခိုက်ခံရမှုအကြောင်း ပြောကြားနေစဉ်။

VOA

တရုတ်အစိုးရကျောထောက်နောက်ခံပြု ဟက်ကာအဖွဲ့များ၏ တိုက်ခိုက်မှုများကို အမေရိကန်နှင့် ဗြိတိန် က တုံ့ပြန်မှုများလုပ်ဆောင်ပြီးနောက် တရက်အကြာ ၂၀၂၁ခုနှစ်တွင် နယူးဇီလန်ပါလီမန်ကို တရုတ်အစိုးရက ကမကထပြုသည့်ဟက်ကာများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နယူးဇီလန် အစိုးရက စွပ်စွဲပြောကြားလိုက်သည်။

တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်နေသည့် Advanced Persistent Threat 40 အဖွဲ့က ပါလီမန်ကို တိုက်ခိုက်ခဲ့ကြောင်း နယူးဇီလန်အစိုးရဆက်သွယ်ရေး လုံခြုံရေးဗျူရို (GCSB) က ပြောကြားလိုက်သည်။

“ဒီမိုကရက်တစ်အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ရေးအတွက် ဆိုက်ဘာတိုက် ခိုက်မှုများ ပြုလုပ်ခြင်းအား လက်ခံနိုင်ဖွယ်မရှိကြောင်း” ဟု GCSB ၀န်ကြီး ဂျူးဒစ်ကော်လင်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဝယ်လင်တန်မြို့ရှိ တရုတ်သံရုံးက နယူးဇီလန်အစိုးရ၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး “အခြေအမြစ်မရှိ” ဟု ပြောကြားခဲ့သည်။

နယူးဇီလန်အပါအဝင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကျွန်ုပ်တို့ မည်သည့်အခါမျှ စွက်ဖက်မည် မဟုတ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယူးဇီလန်ပါလီမန်အကောင့်များကို မထိုးဖောက်နိုင်ခဲ့သော်လည်း ဟက်ကာများသည် သတင်းထောက် များ နှင့် အခြားပုဂ္ဂိုလ်များ၏ အီးမေးလ် ၁၀,၀၀၀ ကျော်ကို မေးလ်များပေးပို့ခဲ့ကြောင်း အစိုးရရှေ့နေများ က ပြောကြားခဲ့သည်။
ယင်းအီးမေးလ်များတွင် ထိုးဖောက်ခံရသူ၏ တည်နေရာ၊ IP လိပ်စာများနှင့် စက်ပစ္စည်းများသို့ ဟက်ကာ များအား ဝင်ရောက်ခွင့်ပေးမည့် အန္တရာယ်ရှိသောကုဒ်များ ပါရှိသည်။

၂၀၁၀ပြည့်နှစ်တွင် စတင်ခဲ့သော ယင်းလှုပ်ရှားမှုသည် တရုတ်အစိုးရကို ဝေဖန်သူများနှင့် နိုင်ငံရေး ထိပ်တန်းပုဂ္ဂိုလ်များကို ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့သည်။

တရုတ်တွင် နေထိုင်ပြီး တရုတ်အစိုးရနှင့် ဆက်နွှယ်သည်ဟု ယူဆရသော ဟက်ကာခုနစ်ဦးအား မတ်လ ၁၈ရက်တွင် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များနှင့် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်နှင့် ဗြိတိန်အာဏာ ပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။

Advanced Persistent Threat 31 သို့မဟုတ် APT31 ဟုခေါ်သည့် ဟက်ကာအဖွဲ့ကလည်း အမေရိကန် အရာရှိများ၊ သတင်းထောက်များ၊ ကော်ပိုရေးရှင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ဗြိတိန် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တို့ကို ပစ်မှတ်ထားသည့် ကျယ်ပြန့်သော တိုက်ခိုက်မှုများ ကို တရုတ်အစိုးရအကူအညီဖြင့် ပြုလုပ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများသည် အမေရိကန်ကော်ပိုရေးရှင်းများထံမှ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို စုဆောင်းရန်လည်း ရည်ရွယ်သည်။

APT31 သည် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး မှုများ အပြင် ဖင်လန်ပါလီမန်၏ အချက်အလက် စနစ်များကို တိုက်ခိုက်ခဲ့ကြောင်း ယခင်က စွပ်စွဲခံထား ရသည်။

တာဝန်ရှိသူများသည် တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည့် ဟက်ကာများကို တရားဥပဒေအရ အရေးယူ ရန် တစိုက်မတ်မတ် လုပ်ဆောင်နေပြီး အမေရိကန်သမ္မတရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက် လာနိုင်သည့် စိုးရိမ်မှုများကို ဖော်ပြခဲ့သည်။