ရှမ်းမြောက်တွင် တပ်စခန်းများကို လက်လွှတ်နေရသည့် စစ်ကောင်စီက ကိုးကန့်နယ်မြေကိုဗုံးကြဲ

ရှမ်းမြောက်တွင် တပ်စခန်းများကို လက်လွှတ်နေရသည့် စစ်ကောင်စီက ကိုးကန့်နယ်မြေကိုဗုံးကြဲ

ဗုံးကြဲခံရ၍ထိခိုက်ပျက်ဆီးမှုများ။(ဓာတ်ပုံ-The Kokang)

ရွှေနွယ် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းအများပြားကို လက်လွှတ်နေရသည့် စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကိုးကန့်နယ်မြေရှိ ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူပိုင်နေအိမ် အများအပြားထိခိုက်ပျက်စီးမှု ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နံနက် ၃ နာရီ ၈ မိနစ်တွင် ချင်းရွှေဟော်မြို့ မလီပင်း(Ma Li Ping) ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ထို့ပြင် နံနက် ၅ နာရီအချိန်ခန့်တွင်မူ ကိုးကန့်နယ်မြေရှိ Niupingziba ကျေးရွာကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင်နေအိမ် အများအပြား ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

Operation 1027 စစ်ဆင်ရေးအဖြစ် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များမှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီ၏ စခန်းကြီး ၊ စခန်းငယ် ၃၀ ကျော်ကို သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

ထို့အပြင် ချင်းရွှေဟော်ဒေသအား အောက်တိုဘာ ၂၇ ရက်နေ့ကပင် ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့ နံနက်တွင်မူ သန္နီမြို့အားထိန်းချုပ်နိုင်ကြောင်းနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။

လားရှိုးနှင့် နောင်ချိုမြို့တို့တွင်လည်း စစ်ကောင်စီ၏ တပ်စခန်းများကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းယူလျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး