ထိုင်းတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး အပါ ၄ ဦးကို အလုပ်ရှင်က လုပ်ခ လစာ မပေးဘဲ ရဲခေါ် ဖမ်းခိုင်း

ထိုင်းတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး အပါ ၄ ဦးကို အလုပ်ရှင်က လုပ်ခ လစာ မပေးဘဲ ရဲခေါ် ဖမ်းခိုင်း

လုပ်ခ လစာမရရရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ(ဓာတ်ပုံ-MHAC)

ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ စာမွတ်စာခွန်ခရိုင် ၊ ဘန်းဖရောင်းမြိုနယ်ရှိ အုန်းသီးစက်ရုံတွင် အလုပ် လုပ်ကိုင် နေသည့် ရွှေ့ပြောင်း မြန်မာ အလုပ်သမား လေးဦးကို ထိုင်း အလုပ်ရှင် ဖြစ်သူက လုပ်ခ လစာ မ‌ေပးဘဲ ထိုင်းရဲကို ခေါ်ယူ ဖမ်းဆီးစေခဲ့ကြောင်း ထိုင်းရောက် မြန်မာ အလုပ်သမား အရေး ကူညီ ဆောင်ရွက် ပေးနေသည့် (M.H.A.C) မဟာမိတ် အဖွဲ့ထံက သိရ သည်။

အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦး ဖြစ်ပြီး ၎င်းတို့ သည် ဘတ်ပန်းရောင် ကတ်ရရှိရန် (ထိုင်းအစိုးရက ထုတ်ပေးသည့် ရွေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း သက်သေခံကတ်) အမည်စာရင်း တင်ထားသူများ ဖြစ်သည်။ အောက်တိုဘာလ ၁၅ ရက်က အလုပ်ရှင် ထိုင်း သူဌေးထံ လုပ်ခလစာ ရှင်းပေးရန် တောင်းဆိုစဉ် ခြိမ်းခြောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု (M.H.A.C) မဟာမိတ် အဖွဲ့မှ ကိုရဲမင်းက ပြော သည်။

“အခုချိန် အထိတော့ ကျွန်တော်တို့ဆီကို လာရောက် အကူအညီ တောင်းထားတဲ့ ဒီ အလုပ်သမား လေးဦးနဲ့ ပတ်သက်ပြီး အလုပ်သမားတွေဘက်က တောင်းဆိုတဲ့ အတိုင်း လုပ်ပေးတာ မရှိသေးလို့ ထိုင်း သူဌေးကို ကျွန်တော်တို့ အဖွဲ့စည်း အနေနဲ့ အရေးယူနိုင်ဖို့ အမှုဖွင့်ထားပါတယ်”လို့ ထိုင်းရောက် မြန်မာ အလုပ်သမား အရေး ကူညီ ဆောင်ရွက် ပေးနေသည့် (M.H.A.C) မဟာမိတ် အဖွဲ့မှ ကိုရဲမင်းက ပြော သည်။

ယင်း အလုပ်သမား လေးဦးသည် ဖမ်းဆီးခံခဲ့ရ သော်လည်း လက်ရှိတွင် ပြန်လည် လွတ်မြောက်လာပြီး ဖြစ်ကြောင်း ယင်း အဖွဲ့ထံက သိရ သည်။

၎င်း ရွှေ့ပြောင်း မြန်မာ အလုပ်သမားများသည် လုပ်ခ လစာအဖြစ် တဦးလျှင် ဘတ်ငွေ ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရရှိမည် ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါ အလုပ်သမား လေးဦးက MHAC မဟာမိတ်အဖွဲ့သို့ ဆက်သွယ် တိုင်ကြား အကူအညီ တောင်းခံထား၍ MHAC ရုံးအဖွဲ့မှ သက်ဆိုင်ရာ ထိုင်းနိုင်ငံ အစိုးရ ရုံးဌာနများသို့ တိုင်ကြား အမှုဖွင့်ခဲ့ပြီး မြန်မာလုပ်သား လေးဦး အတွက် လုပ်ခ လစာများ အမြန် ရရှိစေရေး အတွက် လိုက်ပါ ဆောင်ရွက် ပေးနေကြောင်း သိရ သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး