ထိုင်းက သီရိလင်္ကာနည်းတူ အိန္ဒိယခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေး 

ထိုင်းက သီရိလင်္ကာနည်းတူ အိန္ဒိယခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေး

ထိုင်းနိုင်ငံသည် အိန္ဒိယခရီးသွားများကို နိုဝင်ဘာ ၁၀ ရက်မှစ၍ ၆ လကြာ ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြသည်။ 

 
ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၃၀ အထိနေနိုင်ခွင့်ရှိသော အိန္ဒိယနှင့် ထိုင်ဝမ်တို့မှ ခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ချပြီးနောက် ယခုကြေညာချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။ . 

 
ထိုင်းနိုင်ငံ၏ လက်ရှိမူဝါဒအရ နိုင်ငံပေါင်း ၅၉ နိုင်ငံမှ ခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုထားသည်။ 
 

တချို့သော စိန်ခေါ်မှုများ အထူးသဖြင့် တရုတ်ခရီးသွားများရောက်ရှိမှု ကျဆင်းလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ထိုင်းအစိုးရသည် ယခုနှစ်၏ နောက်ဆုံး သုံးလပတ်တွင် ခရီးသွားကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်လျက် တရုတ်နှင့် ကာဇက်စတန်မှ ခရီးသွားများကိုလည်း အလားတူ ဗီဇာကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။ 

တရုတ်လူမှုမီဒီယာမှ ချဲ့ကားပြောဆိုမှုကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်ခရီးသွားများ ဝင်ရောက်မှု ကျဆင်းလာခဲ့သည်။ 
 

ယခုနှစ် ပထမ ၉ လပတ်အတွက် အချက်အလက်များအရ အိန္ဒိယလူမျိုး ၁ ဒသမ ၂၆ သန်းခန့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ယခုနှစ်ကုန်တွင် ခန့်မှန်းခြေ ၁ ဒသမ ၅၅ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယခရီးသွားများသည် ထိုင်းနိုင်ငံတွင် ၇ ရက်မှ ၈ ရက်ကြာ နေထိုင်စဉ် လူတစ်ဦးလျှင် ပျမ်းမျှ ဘတ်ငွေ ၄၁,၀၀၀ သုံးစွဲကြသည် ထိုင်းရုပ်သံဌာန၏ ထုတ်လွှင့်ခဲ့သည်။ 

ထိုင်ဝမ်ခရီးသွားများသည်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသို့လာသည့် ထိုင်ဝမ်ခရီးသွား ၇၈၀,၀၀၀ ခန့်ရှိခဲ့ပြီး ယခုနှစ်ကုန်တွင် ၇၀၀ ၀၀၀ ခန့် လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားသည်။ 
 

ထို့ပြင် ၂၀၂၃ တွင် ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား တစ်သန်းနီးပါး ရောက်ရှိလာခဲ့သည်။ သီရိလင်္ကာနိုင်ငံကလည်း ပြီးခဲ့သည့် သီတင်းပတ်က ရှေ့ပြေးစီမံကိန်းအဖြစ် တရုတ်နှင့် ရုရှားအပါအဝင် အိန္ဒိယနှင့် အခြားခြောက်နိုင်ငံတို့မှ ဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပြုကြောင်း ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။