ထိုင်း-မြန်မာ နယ်စပ်တွင် သံသယရှိ မူးယစ်မှောင်ခိုကူးသူ ၂ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သန်း ဖမ်းမိ

၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၁၇ ရက်နေ့ က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် ဖန်မာဟန်ကျေးရွာ၌ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် အဖက်တမင်း ဆေးပြားအိတ်များအား တွေ့ရစဥ် /Photo:AFP

ဘန်ကောက်ပို့စ် /ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မယ်အိုက်ခရိုင်တွင် ဒီဇင်ဘာ ၂၁ ရက် အစောပိုင်းက မူးယစ်မှောင်ခိုကူးသူများနှင့် ထိုင်းစစ်တပ် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သံသယရှိ မူးယစ်မှောင်ခိုကူးသူနှစ်ဦး သေဆုံးကာ စိတ်ကြွဆေးပြား နှစ်သန်းနီးပါး ဖမ်းမိကြောင်း သိရသည်။

မနက် ၄ နာရီ မိနစ် ၅၀ ခန့်က မယ်အိုက်ခရိုင် မယ်လီကာအရပ်ရှိ သစ်တောဖုံးလွှမ်းသော ဧရိယာတခုတွင် အမျိုးသား ၂၀ ဦးခန့် ပါသည့် အဖွဲ့တဖွဲ့ ကျောပိုးအိတ်များ လွယ်ကာ ဖြတ်သန်းသွားလာသည်ကို ဖာမူအန်း အထူးတပ်ဖွဲ့မှ ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့သည်။ ထိုအမျိုးသားများသည် မသင်္ကာဖွယ် လှုပ်ရှားသွားလာနေသည်ကို တွေ့ရှိသဖြင့် ထိုင်းကင်းလှည့်စစ်သားများက ၎င်းတို့ကို ရှာဖွေရန် ရပ်တန့်ခိုင်းခဲ့ရာ ထိုအမျိုးသားများက အရှာမခံဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ထိုင်းစစ်သားများက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ပြီး မိနစ် ၂၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှု ရပ်တန့်သွားချိန်တွင် ထိုင်းစစ်သားများသည် အထိအခိုက်မရှိခဲ့ဘဲ ဧရိယာကို ပိတ်ဆို့ထားခဲ့သည်။

ယင်းနောက် အရုဏ်တက်ချိန်တွင် နောက်ထပ်စစ်သားများ ထပ်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်ဧရိယာများကို ရှင်းလင်းရှာဖွေခဲ့ကြသည်။ ယင်းနောက် ၎င်းတို့သည် အမျိုးသားနှစ်ဦး၏ အလောင်းများကို တွေ့ရှိခဲ့သည်။

ထို့ပြင် တအိတ်စီတွင် စိတ်ကြွဆေး ၁၀၀,၀၀၀ နှင့် ၂၀၀,၀၀၀ အကြား ပါသည့် ကျောပိုးအိတ် ၁၃ လုံးကို ယင်းဧရိယာတွင် ပြန့်ကျဲလျက် ရှာတွေ့ခဲ့သည်။

ထွက်ပြေးသွားသည့် မှောင်ခိုကူးသူများ စွန့်ပစ်ထားခဲ့နိုင်သည့် နောက်ထပ် မူးယစ်ဆေးဝါးများကို ရှာတွေ့ရန် စစ်သားများက ဧရိယာတွင် ဆက်လက်ရှာဖွေခဲ့သည်။

ယခုပစ်ခတ်မှုမတိုင်မီ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ချင်းရိုင်ပြည်နယ် မယ်ဖာလူအန်း ခရိုင်တွင် ထိုင်းစစ်သားများနှင့် ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုကူးသူ ၁၅ ဦး သေဆုံးပြီး စိတ်ကြွဆေး နှစ်သန်းခန့် သိမ်းဆည်းရမိခဲ့သည်။