၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ကလေးမြို့လူထုသပိတ်ချီတက်

၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ကလေးမြို့လူထုသပိတ်ချီတက်

လွှမ်းမိုး မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ လူထုသပိတ်ရက် ၁,၀၀၀ ပြည့် လူထုချီတက်ပွဲတွင် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း လူထုအင်အား အမြောက်အမြားဖြင့် နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ကလေးမြို့ တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ကလေးလူထု သပိတ်ဦးဆောင်ကော်မတီ ထံမှ သိရသည်။

အဆိုပါလူထုချီတက်ပွဲတွင် “ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ဟူသည့် စာသားပါ ဘန်နာများ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြောင်း သိရပါသည်။

“တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့ မြှင့်တင်ကာ ကျရာကဏ္ဍ အသီးသီးတွင် ပါဝင်တိုက်ပွဲဝင်ကြဖို့” ကလေးလုထု သပိတ်ဦးဆောင်ကော်မတီက နှိုးဆော်ထားသည်။

လူထုချီတက်ပွဲတွင် ၁၀၂၇ လှိုင်းလုံးနှင့်အတူဒေသအတွင်း စခန်းသိမ်း တိုက်ပွဲဝင်ရဲဘော်များအား ကြိုဆိုသည့်အနေဖြင့် အောင်သပြေခက်များကိုင်ဆောင်ကာ၊ ပြည်သူ့ရဲဘော်များ ဘေးရန်ကင်းစေရန် ဖယောင်းတိုင်မီးထွန်း ဆုတောင်းခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)