ကျွန်းစုမြို့နယ်တွင် ထိတွေ့ တိုက်ပွဲ ၄ ကြိမ်ဖြစ် ၊ ပျူစောထီး ခေါင်းဆောင် အပါ ၄ ဦး သေဆုံးဟုဆို

ပုံအညွှန်း - မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂ ) အားတွေ့ရစဉ်။

ပုံအညွှန်း – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂ ) အားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က ထိတွေ့တိုက်ပွဲ လေးကြိမ် ဖြစ်ပွားရာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် အပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂ ) တာဝန်ရှိသူထံက သိရသည်။

အဆိုပါ တိုက်ပွဲကို မတ်လ ၂၇ ရက် နံနက် ၃ နာရီ အချိန်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ စိုးမိုးနယ်မြေများ ဖြစ်သည့် ပဲ့တိုင်ရွာ၊ ယမုံရွာနှင့် ယမုံမြစ်၀ရှိ နေရာ နှစ်နေရာကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုစစ်ကြောင်း၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြော သည်။

“အဲ့ဒီရွာတွေက စစ်တပ်ထောက်ခံတဲ့ ရွာတွေ ဖြစ်တော့ အများစုက ပျူစောထီးတွေ အုပ်စိုးတဲ့ နယ်မြေပါ။ ကျွန်တော်တို့ သွားတိုက်တဲ့ အချိန်မှာ နေရာ တနေရာမှာဆိုရင် အင်အား ၂၀ ကနေ ၃၀ နီးပါး အထိုင် စခန်းချထားတာမျိုးဖြစ်တယ် ”ဟု ၎င်းက ပြောသည်။

ထိုပြင်းထန်တိုက်ပွဲများကြောင့် ပျူစောထီး ခေါင်းဆောင် တဦး ပွဲချင်းပြီး သေဆုံးကာ ကျန်သုံးဦး ပြင်းထန် ဒဏ်ရာကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲကြောင့် အဲ့ဒီရွာမှာ စစ်ရှောင်တွေတော့ မရှိဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ပျူစောထီး အားကောင်းတဲ့ ရွာဖြစ်နေလို့ပါ။ နောက်ပြီးလည်း အခု ပျူခေါင်းဆောင် နာရေး ငါးရက်လုပ်နေလို့ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ကြားနေရတယ်”ဟု သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆက်ပြော သည်။

လက်ရှိ သေဆုံးသွားသည့် ပျူစောထီး ခေါင်းဆောင်သည် မှောင်းလှော်ကျေးရွာက ပျူခေါင်းဆောင်၏ အမျိုးတော်စပ်သူ ဖြစ်ကြောင်း ရွာခံများ၏ ပြောကြားချက် အရ သိရ သည်။

ယင်း တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်က ထိခိုက် သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂ ) သည် တနင်္သာရီ ပကဖ၊ မြိတ်ခရိုင်တပ်ရင်း ( ၂ ) တပ်ခွဲ (၂ )၊ ကျွန်းစုပကဖ၊ ပုလောပကဖ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နှင့် Dragon squad ဒရုန်းအဖွဲ့တို့ ပူးပေါင်း ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ် သည်။

စာတည်း။ ။အောင်ကျော်ဖြိုး