ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီဟု SOF ပြော

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီဟု SOF ပြော

ကြာအင်းဆိပ်ကြီး မြို့အဝင် ဆိုင်းဘုတ်

YT (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​၏ အုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​၏ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ထွေအုပ်ရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၊ မီးသတ်ရုံး၊ သစ်တောရုံး အစရှိသည့် ရုံးများတွင် ဝန်ထမ်းများ မရှိခြင်း၊ ရုံးအဆောက်အဦများ မကြာခဏတိုက်ခိုက်ခံရခြင်းတို့ကြောင့် အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားခြင်းဖြစ်သည်ဟု ကိုအောင်စံရှားက ဆိုသည်။

” တမြို့နယ်လုံးမှာ မြို့ပေါ် ရဲ့ သူတို့တပ်စခန်းတွေ အထိုင်ချတဲ့နေရာမှာပဲ သူတို့ နေနိုင်တော့တယ်၊ ကျန်တဲ့မြို့ပေါ် တခုလုံးမှာလည်း သူတို့ရဲ့ အုပ်ချုပ်ရေးရုံးတွေမှာလည်း သူတို့နေလို့မရဘူး၊ အုပ်ချုပ်ရေး ယန္တရားတွေလည်း ပျက်စီးတယ်။ ကျန်တဲ့ လုပ်ငန်းစဉ်အားလုံး ထွေအုပ်၊ သစ်တော စသဖြင့် လုပ်ငန်းတွေအားလုံး ရပ်တန့်သွားတာ ကြာပြီ။ အဲ့ဒီဝန်ထမ်းတွေတောင်မှပဲ ပြန်တဲ့သူတွေက ပြန်ကုန်ပြီ၊ ထွက်ပြေးတဲ့သူက ထွက်ပြေးပေါ့။ လုံးဝ မရှိတော့ဘူး။ လည်ပတ်လို့မရတော့ဘူး အဆောက်အဦတွေ မရှိတော့ဘူး” ဟု ကိုအောင်စံရှားက ဇ္ဈိမကိုပြောသည်။

ဒေသခံတဦးကလည်း ” အရင်ကဆို မြို့ထဲ ကင်းလှည့်တာတွေ လုပ်တယ်လေ။ အခုနောက်ပိုင်း အဲ့ဒီလိုတွေ မတွေ့ရတော့ဘူး။ လမ်းတွေမှာ စစ်ဆေးတာမျိုးတွေလည်း မတွေ့ရတော့ဘူး။ ပြီးတော့ ထွေအုပ်ရုံးဆိုရင်လည်း ရုံးပဲ ရှိတာ လူမရှိဘူး။ ပထမတော့ ထွေအုပ်ကို ဇမိခန်းမမှာ လုပ်သေးတယ် နောက်ပိုင်း ခဏခဏ အတိုက်ခံရတော့ ပိတ်တာပဲ။ မပျက်မကွက် လုပ်တာဆိုလို့ လက်နက်ကြီးပစ်တာပဲရှိတယ်” ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့​၏ တပ်စခန်းများအတွင်း၌သာ နေနိုင်ပြီး တပ်စခန်းအပြင်သို့ ထွက်ရန် မဝံ့ရဲကြတော့ကြောင်း၊ ၎င်းတို့​၏ တပ်စခန်းအတွင်းမှသာနေ၍ လူထုနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေကြောင်း၊ အဆိုပါ တပ်စခန်းများအတွင်းသို့ စစ်ကူလာသည့် စစ်ကြောင်းများသည်လည်း တော်လှန်ရေးအင်အားစုများ​၏ ကြားဖြတ်တိုက်ခိုက်ခြင်းများ မကြာခဏ ခံရလေ့ရှိကြောင်း ဆိုသည်။

စစ်ကောင်စီ​၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးနေသည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေထိန်းချုပ်ခြင်း၊ နယ်မြေစိုးမိုးခြင်းများ ပြုလုပ်နိုင်သော်လည်း စစ်ကောင်စီတပ်​က ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သဖြင့် နယ်မြေစိုးမိုးမှု မပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

” ဘာကြောင့် တော်လှန်ရေးအင်အားစုတွေက ဝင်ပြီးတော့ နေရာမယူထားလဲ မစိုးမိုးထားလဲဆိုရင် လက်နက်ကြီးအန္တရာယ်၊ လေကြောင်းကနေ ရမ်းသန်းပစ်ခတ်တာတွေက ပြည်သူလူထုကို ထိခိုက်မှာစိုးတဲ့အတွက်ကို ပြည်သူလူထုအတွက်ပဲ ဝင်ပြီးတော့ နယ်မြေထိန်းချုပ်တာ စိုးမိုးထားတာ မလုပ်ဘဲနဲ့ မြို့ပေါ်ကိုတော့ စစ်ဆင်ရေးအရ လိုအပ်တဲ့အချိန်မှာပဲ ဆောင်ရွက်တဲ့ပုံစံမျိုးပေါ့။ အခြားနေရာတွေအားလုံးကတော့ ကျေးရွာချင်းဆက်လမ်းတွေ မြို့ချင်းဆက်လမ်းတွေ ကျေးရွာတွေအားလုံးကတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိတယ်။ နယ်မြေစိုးမိုးမှုအောက်မှာပဲရှိတယ်။ KNLA ရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာပဲ ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် KNU ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၆)၊ တပ်ရင်း (၁၈) နယ်မြေအတွင်း တည်ရှိသည့် မြို့နယ်တခုဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)