ရှမ်းမြောက်က စစ်သည်များအတွက်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးက လုပ်ငန်းရှင်များထံမှ စစ်ကောင်စီအလှူခံ

ရှမ်းမြောက်က စစ်သည်များအတွက်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးက လုပ်ငန်းရှင်များထံမှ စစ်ကောင်စီအလှူခံ

photo-စစ်ကောင်စီ

007 (မဇ္စျိမ) ။ ။တွေ့ဆုံလိုကြောင်း ကမ်းလှမ်းမှုကြောင့်သွားရောက်တွေ့ဆုံစဉ် စစ်တိုင်းမှူးကရှမ်းပြည်နယ်မြောက်ပိုင်းဒေသရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွက် အလှူခံ၍ ငွေလှူခဲ့ရကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်အချို့ကပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က ယင်းဌာနချုပ်ရှိရန်အောင်မြင်ခန်းမနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမတွင်နို၀င်ဘာလ ၁ ရက်နှင့်နို၀င်ဘာလ ၂ ရက်တွင် ခေါ်ယူတွေ့ဆုံ၍ အလှူခံခြင်းဟုဆိုသည်။

““စစ်တိုင်းမှူးက လုပ်ငန်းရှင်တွေနဲ့တွေ့ချင်တယ်ဆိုလို့ သွားရတယ်။ ဟိုရောက်တော့ ရှေ့တန်းရောက်စစ်သား တွေအတွက် အလှူငွေထည့်ခိုင်းလို့ထည့်ခဲ့ရတယ်” ဟုလုံခြုံရေးအရအမည်မဖော်ပြလိုသည့်လုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့မှ လုပ်ငန်းရှင်ခြောက်ဆယ်ကျော်ကို ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပြီး မန္တလေးမြို့မှ လုပ်ငန်းရှင် ၄၂ ဦးပါသည်ဟု သိရသည်။

” ထာ၀ရဦးမောင်ကို(စစ်ကောင်စီခန့်မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်း)အုပ်စုကအများဆုံးလှူတယ်။ ကျန်တာတွေ တော့ စာရင်းဇယားနဲ့ ထွက်မလာသေးဘူး။ဆီဆိုင်တွေပါတယ်။ရွှေဆိုင်တွေပါတယ်။ အသေးစား၊အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်တွေအကုန်ပါတယ်” ဟု အမည်မဖော်လိုသည့်သတင်း ရင်းမြစ်တဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အဆိုပါအလှူခံပွဲ တွင်မန္တလေးမြို့မှစီးပွားရေးလုပ်ငန်းရှင်လေးဆယ်ကျော်က အလှူငွေကျပ်သိန်း၃,၇၀၀ ကျော်လှူဒါန်းခဲ့ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံကသိရသည်။ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်၍မြို့လူထုက ဝေဖန်နေကြသည်။ဗိုလ်ချုပ်ကြည်ခိုင်သည် မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ပေးခံရသူဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင်အထိနာနေသည့် စစ်ကောင်စီသည်ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များသို့ခေါ်ယူတွေ့ဆုံပြီး ရှေ့တန်းရောက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုရန်ဟုဆိုကာ

အလှူငွေတောင်းခံခြင်းများပြုလုပ်နေကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

စစ်ကောင်စီ၏အလှူငွေတောင်းခံခြင်းအပေါ် ကျေနပ်စွာပေးအပ်ခဲ့သူများရှိသလို ဖိအားကြောင့်ပေးခဲ့ရသူများလည်းရှိကြောင်း အခမ်းအနားတက်ရောက်ခဲ့ကြသည့် လုပ်ငန်းရှင်အချို့ကပြောသည်။

စာတည်း – အေးချမ်း