စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက ကျားချောင်းရွာထဲ လေကြောင်းမှ ဗုံးကြဲ

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက ကျားချောင်းရွာထဲ လေကြောင်းမှ ဗုံးကြဲ

ရွှေကျင်မြို့အဝင်ဆိုင်းဘုတ်/ ဓါတ်ပုံ- လူမှုကွန်ယက်

YT မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် တောင်ဘက်၊ ကျားချောင်းရွာအနီးရှိ စစ်ကောင်စီ၏ တောင်ခြေရင်းစခန်းတခုအား ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျားချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရွှေကျင်မြို့နယ်၊ ကျားချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ(၃၅၁) အခြေစိုက်ရာ တောင်ခြေရင်းစခန်းအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအပြီး နံနက် ၈ နာရီ ၄၀ မိနစ်တွင် တကြိမ်၊ နံနက် ၉ နာရီတွင် တကြိမ် တောင်ခြေရင်းစခန်းအနီးရှိ ဒေသခံများ နေထိုင်ရာ ကျားချောင်းကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ကျွန်မတို့လည်း ကြားရတယ်။ ကြဲတာက ကျားချောင်းရွာထဲကို ကြဲတာ၊ ကျားချောင်းအဆင်းမှာက စစ်တပ်ဂိတ်စခန်းရှိတယ်။ အဲ့ဒီစစ်တပ်စခန်းကို PDF က သွားတိုက်တယ်။ သွားတိုက်တဲ့အခါ စစ်တပ်က ရွာထဲကို ကြဲထည့်သွားတာ“ ဟု အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ရွှေကျင် ဒေသခံတဦး​၏ပြောကြားချက်အရ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျားချောင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျားချောင်းကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအချိန်ထိ နေအိမ်မပြန်လာကြသေးကြောင်း သိရသည်။

” လေယာဉ်နဲ့ ဗုံးကြဲမှတော့ အရပ်သားတွေက ထွက်ပြေးရတာပေါ့။ ဒါပေမဲ့ တော်တော်များများက မနက်အစောပိုင်းထဲက ထွက်ပြေးကြတာပါ။ အိမ် မပြန်လာရဲကြသေးဘူးလေ ဘယ်လိုလုပ် ပြန်လာရဲဦးမှာလဲ” ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

တောင်ခြေရင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်​၏ အထိအခိုက်၊ အသေအဆုံးအား မသိရသေးသော်လည်း စစ်ကောင်စီပိုင်ဆိုသည့် ၆၀ မမ တလက်၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jammer တခု၊ စကားပြောစက်အကြီး တလုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ RPGသီး ၂၂ လုံး၊ RPG ပို့ယမ်း ၁၆ ခု၊ တင့်ဖျက်သုံးခု၊ ၄၀မမသီး ၁၂ လုံး၊ မြေမြှုပ်မိုင်းကိုးလုံး နှင့် ၅.၅၆ ကျည် ၁၁၂၈ တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း BPLA က ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး