ပေါက်တောမြို့က ဓားစာခံ ၁၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ‌ပြော

ပေါက်တောမြို့က ဓားစာခံ ၁၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ‌ပြော

ယနေ့ ကယ်ထုတ်လာသော အရပ်သားများနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဉ် (Photos-AA)

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော အရပ်သား ဓားစာခံ ၁၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ညတွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ အဆိုပါ ဒေသခံများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အရပ်သားများအား ကယ်ထုတ်ရန် သွားရောက်တိုက်ခိုက်ချိန် ပေါက်တောမြို့တွင်း နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင်များ အကျအဆုံးများခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အချို့လည်း ကျဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း AA က ထုတ်ပြန်ချက်တွင် ပြောထားသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ကြောင်းလည်း AA က ပုံနှင့်တကွ ထုတ်ပြန်သည်။ စစ်ကောင်စီဘက်ကမှု ယနေ့ပေါက်တော တိုက်ပွဲနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။

နှစ်ဘက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပေါက်တောမြို့ပေါ်သို့ ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ လက်ရှိအချိန်ထိ အဆက်မပြတ် ပစ်ခတ်နေကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး သတင်းရေးသားနေချိန် ည ၁၀ ခွဲအချိန်ထိ အချက် ၄၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ရင်းအနီး နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

“အမှတ် (၁၂) ရဲတပ်ရင်းကနေ ပစ်တာ၊ အချက် ၄၀ ကျော်ပြီ၊ (လက်နက်ကြီး သံကြောင့်) အိပ်နေတဲ့ကလေးတောင် လန့်နိုးသွားတယ်၊ သူတို့က ကျချင်တဲ့ နေရာမှကျ ပစ်တာ” ဟု ရဲတပ်ရင်းအနီး နေထိုင်သူက ပြောသည်။

လက်နက်ကြီးများ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲကြောင်းနှင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပေါက်တောမြို့သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင်ရှိသော ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလဆန်း ပိုင်းက စတင်ပြီး ယာယီနှစ်ဘက်အပစ်ရပ်ထားရာ တနှစ်ခန့်အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့မှတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ရခိုင်တောင်းပိုင်းအထိပါ တိုက်ပွဲများ ကျယ်ပြန့်လာနေသည်ကို တွေ့ရသည်။

ထို့ပြင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် “Operation 1027” ကို ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများ ပြုလုပ်နေကာ ဒါဇင်နှင့်ချီသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားကြသည်။

စာတည်း။ ။ နောင်နောင်