ပုဏ္ဏားကျွန်းဘက်မှ စစ်ဘေးရှောင် ၄၀၀၀ ဝန်းကျင် စားနပ်ရိက္ခာအခက်အခဲရှိ

ပုဏ္ဏားကျွန်းဘက်မှ စစ်ဘေးရှောင် ၄၀၀၀ ဝန်းကျင် စားနပ်ရိက္ခာအခက်အခဲရှိ

ဓါတု (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ အနီးတဝိုက်သို့ စစ်ဘေးရှောင်နေသည့် ဒေသခံ ဦးရေ ၄,၀၀၀ ဝန်းကျင်သည် စားနပ်ရိက္ခာ အခက်အခဲများရှိနေကြောင်းစစ်ဘေးရှောင်များအားကူညီပေးနေသူများထံက သိရသည်။

စစ်ရှောင်တွေ နေ့စဥ်ရက်ဆက် နေရေး၊ စားရေး တော်တော်လေးခက်ခဲနေတယ်။ ကြိုယူလာတဲ့သူတွေထဲက တပတ်စာ၊ ၁၀ ရက်စာပဲပါကြတော့ရေရှည်ဆိုရင်တော့ရိက္ခာပြတ်သွားနိုင်တယ်။ဟိုနေ့ကဆို စစ်ရှောင်တွေမုန့်(ရိက္ခာ)လာပို့တဲ့သူလက်နက်ကြီးထိသွားတယ်။ ပြီးတော့ တိုက်ပွဲမရှိဘဲ ပုဏ္ဏားကျွန်းဘက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပါပစ်နေတယ် “ဟုစစ်ဘေးရှောင်ကူညီပေးနေသူတဦးကမဇ္စျိမကိုပြောသည်။

စစ်ကောင်စီဘက်မှ ပုဏ္ဏားကျွန်းနှင့် ထိစပ်နေသည့် ပေါက်တောမြို့ အဝင်အထွက်လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကြောင့် စားသောက်ကုန်များသယ်ယူပို့ဆောင်ရာတွင်အခက်အခဲများရှိနေကြောင်းစစ်ဘေးရှောင်များထံက သိရသည်။

ထို့အခြေအနေများကြောင့် စစ်ရှောင်ဒေသခံအချို့မှာ လာမည့် ရက်ပိုင်းအတွင်း စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေကြုံတွေ့နေရကြောင်း စစ်ရှောင်တဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၇ ရက်တွင် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့အစပ်ရှိ စစ်ဘေးရှောင်များထံဘက်သို့ ရိက္ခာလာပို့သည့်စစ်ဘေးရှောင်များအား ကူညီပေးနေသူ လူငယ်တဦး လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ကျေးရွာပေါင်း ၃၀၀ အထက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒေသခံ အများစုမှာ မြို့အနီး ဘေးလွတ်ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရှောင်တိမ်းခိုလှုံနေရ၍ ဒေသခံအနည်းအကျဥ်းလောက်သာ နေရပ်တွင်နေထိုင်နေသေးကြောင်း ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီမှသယ်ယူပို့ ဆောင်ရေးနှင့် ရေလမ်းကြောင်းပိတ်ဆို့ထားမှုနှင့်အတူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသည့် ဒေသတွင်းစစ်ဘေးရှောင်များကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အရေးတကြီးနှင့် စောလျင်စွာပေးရန် လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA Myanmar)မှ ပြီးခဲ့သည့်ရက်ပိုင်းကထုတ်ပြန်ထားသည်။

စစ်ရေးအရှိန်မြင့်တက်နေသည့် မောင်တော၊ ပေါက်တော နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် UNOCHA ဘက်မှ အကူညီပေးရန် ရက်အတန်ကြာဆိုင်းထားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာအရ ကျောက်တော်၊မင်းပြား၊ မြောက်ဦး ၊ မြေပုံ ၊စစ်တွေ ၊ပုဏ္ဏားကျွန်း တို့တွင်နှစ်ဘက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးများပစ်ခတ်မှုများရှိနေကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စစ်ကောင်စီ၏ရေတပ်စစ်သင်္ဘောက ကုလားတန်မြစ်ကြောင်းတစ်လျှောက် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာအချို့ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းမှ ည ၁၁ နာရီ တောက်လျှောက်ပစ်ခတ်နေသည့်အပြင် နိုဝင်ဘာလ ၂၀ ရက် နံနက် ၅ နာရီမှစ၍ ညနေ ၄ နာရီအထိပစ်ခတ်နေကြောင်း အနီးနားရှိ ဒေသခံများကဆိုသည်။

အဆိုပါနေ့ရက်များတွင် ပုဏ္ဏားကျွန်းမြို့ တောင်ဘက်ရှိ နတ်ဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် လက်နက်ကြီး သုံးလုံးမှာ ပုဏ္ဏားကျွန်းမြို့နယ် ပညာပါရမီ ဘုန်းကြီးကျောင်းအနီးရှိတံတားအနောက်ဖက်ကိုကျရောက်ပေါက်ကွဲကြောင်းဒေသခံတဦးကဆိုသည်။

ယင်းပစ်ခတ်မှုများတွင်ထိခိုက်သေဆုံးမှုစာရင်းအားလက်ရှိအချိန်အထိမသိရသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး