ကွတ်ခိုင်မြို့ကို သိမ်းပိုက်နိုင်ရန် ဗျူဟာကုန်းသာကျန်ရှိဟုဆို

ရုပ်သံအညွှန်း − ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့က ကွတ်ခိုင်မြို့တိုက်ပွဲအတွင်း ပိတ်မိနေသည့်ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့များကယ်ထုတ်နေသည့်မြင်ကွင်း။ ရုပ်သံ− ဒေသခံတဦး၏ လူမှုကွန်ရက်မှ

ရွှေနွယ်

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ ကွတ်ခိုင်ဗျူဟာကုန်းတခုသာ ကျန်ရှိပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်( PSLF/TNLA) က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ကွတ်ခိုင်ဒေသခံများထံက သိရသည်။

ကွတ်ခိုင်မြို့တွင် ယခုသတင်းပတ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ကမူ ကွတ်ခိုင်မြို့ စေတီကုန်းပေါ်တွင်ရှိနေသည့် စစ်ကောင်စီတပ်၏ ကင်းစခန်းမှာ တပ်ဆုတ်သွားကြောင်း ကွတ်ခိုင်မြို့ရှိ ဒေသခံတဦးက ပြောသည်။

“လက်ရှိ Welove kutkai စေတီကုန်းတော့ သိမ်းလိုက်ပီဗျ မနေ့က။ ဗျူဟာကုန်းတခုပဲကျန်တော့မယ်။ မနေ့ကတော့ ဗျူဟာကုန်းကနေ ရဟတ်ယာဥ်နဲ့ ကယ်ထုတ်တာတွေရှိတယ်လို့ သိရတယ်ဗျ။ တိုက်ပွဲဆက်ဖြစ်နေပေမယ့် မနေ့ကလောက် မကြမ်းဘူး” ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။

ယမန်နေ့ကမူ ကွတ်ခိုင်မြို့အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းနှင့် မြို့လူထု၏ ထက်ဝက်ခန့်မှာ တိုက်ပွဲကြား ပိတ်မိနေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်နေပေးနေရကြောင်းလည်း အဆိုပါဒေသခံထံက သိရသည်။

ထို့အပြင် ယမန်နေ့ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ်ဆေးရုံအား ပိတ်လိုက်ရပြီး ဆေးရုံရှိ လူနာများကိုကယ်ထုတ်၍ ကောင်းခါးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်းလည်း သိရသည်။

“အရင်ကတော့ မြို့ဝင်၊မြို့ထွက် စစ်ကောင်စီတပ်တွေရှိတယ်။ ဒါပေမဲ့ ကြာပြီ ။ တပ်ဆုတ်ပြီး ဗျူဟာကုန်းမှာ သွားပေါင်းလိုက်တာ။ မြို့ထဲမှာတော့ ဆိုင်ကယ်မရှိ၊ ကားမရှိတဲ့ လက်လုပ်လက်စား ပြည်သူတွေက ဘယ်လိုထွက်ရမှန်း မသိတာကြောင့် ပိတ်မိပြီးကျန်နေကြတယ်။ မနေ့ကတော့ မနက် ၉ နာရီနောက်ပိုင်းလောက်ကစပြီး ဝင်ထွက်ခွင့်ပိတ်ပြီးတိုက်ပွဲဖြစ်တယ်။ ဒီမနက်တော့ နှစ်ဖက်အပစ်ရပ်ပြီး နှစ်နာရီလောက် အချိန်ပေးတယ် ကယ်ဆယ်ရေးတွေဝင်ကယ်ထုတ်ဖို့” ဟု ကွတ်ခိုင်မြို့မှ စစ်ဘေးရှောင်နေရသည့် နောက်ထပ်ဒေသခံတဦးက ပြောသည်။

ရှမ်းမြောက်ဒေသ၏ ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ယမန်နေ့ ညပိုင်း TNLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကွတ်ခိုင်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ယနေ့နံနက်တွင် TNLA ၏ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ဒီနေ့အတွက်တော့ ဘာမှသတင်းမရောက်သေးပါဘူး” ဟု ဖြေကြားသည်။

ထို့အပြင် ကွတ်ခိုင်မြို့တွင် ဗျူဟာကုန်းတခုသာရှိသည်ဟုလည်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနောက်ဘက် ရပ်ကွက် (၁)ရှိ ခြေလျင်တပ်ရင်း ခလရ (၂၄၁) ဗျူဟာတပ်စခန်းက်ို ညီနောင်မဟာမိတ် သုံးဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ရက် မနက်အစောပိုင်းမှ စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ကွတ်ခိုင်ဗျူဟာတပ်စခန်းသည် နမ့်ဖက်ကာ၊တာမိုးညဲနှင့် မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး အထိုင်ချရာ တပ်စခန်းဖြစ်ပြီးအမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းတို့ရှိကြောင်း လည်း ကွတ်ခိုင်မြို့ခံများက ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး