တန့်ဆည်မြို့မှ စစ်ကောင်စီစခန်းများအား ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့တိုက်ခိုက်

တန့်ဆည်မြို့မှ စစ်ကောင်စီစခန်းများအား ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့တိုက်ခိုက်

ရွှေနွယ် (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် စခန်းချထားသည့် ဌာနဆိုင်ရာရုံးများအား ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။

တန့်ဆည်မြို့ပေါ်ရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နံနက် ၁နာရီခန့်တွင် တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

“သူတို့ (စစ်ကောင်စီ) တပ်စွဲထားတဲ့နေရာ လေးခုကိုသိမ်းနိုင်ခဲ့တယ်။ တပ်တော့မစွဲခဲ့ဘူးဗျ။ ကျွန်တော်တို့ တိုက်ပြီးတော့ ပြန်လာတာပါ” ဟု တန့်ဆည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

၎င်းက ဆက်လက်၍ ” စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်။ အသေအပျောက်အတိအကျတော့မသိရသေးဘူး” ဟု ဆိုသည်။

ယ‌နေ့ တိုက်ခိုက်မှုကို

အမှတ်(၁) စစ်ဒေသ ၊ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း ဖော်ဆောင်

ခဲ့ခြင်းဟုသိရသည်။ တိုက်ပွဲအတွင်း ရွှေဘိုခရိုင် တပ်ရင်း (၉) မှတပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့သည်။

တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီက လေကြောင်း ကင်းထောက်မှုများပြုလုပ်နေသဖြင့် ပြည်သူများ လေကြောင်းအန္တရာယ်သတိပြုကြရန် မြေပြင် စစ်ရေးသတင်းရင်းမြစ်ကသတိပေးသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သားမျာသည် ကားလေးစီးဖြင့် ရေဦးမြို့၏ မြောက်ဘက် ဖိန်းကားကျေးရွာအနီးတွင်ရောက်ရှိနေသောကြောင့် ပြည်သူများအနေဖြင့် တန့်ဆည်−ရေဦး ကားလမ်းပိုင်းအသွားအလာသတိထားကြရန်ဒေသတွင်းသတင်းရင်းမြစ်များကသတိပေးထားသည်။

တန့်ဆည်မြို့နယ်သည် ရွှေဘိုခရိုင်အတွင်းတည်ရှိပြီး ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ ရွှေဘိုခရိုင်အတွင်းတွင်လည်း လတ်တလော၌ စစ်ကောင်စီနှင့် ‌ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

စာတည်း – အေးချမ်း