ကော့ကရိတ်တွင် လက်နက်ကြီးထိမှန်၍ စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကော့ကရိတ်တွင် လက်နက်ကြီးထိမှန်၍ စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

YT (မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့တော်ဦးရပ်ကွက်တွင် စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ်မှုကြောင့် အဆိုပါရပ်ကွက်သို့ လာရောက်ခိုလှုံနေသည့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း ကျားဖြူစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကော့ကရိတ်မြို့နယ်အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ အမတ(၃၁၂) အမြောက်တပ်မှ ၈၁ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ် ခတ်မှုကြောင့် မြို့တော်ဦးရပ်ကွက်တွင် စစ်ဘေးရှောင်နေသည့် ဒေသခံများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ ခြင်းဖြစ်သည်။

“ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ နန့်ကော်ထိုးရပ်ကွက်ကနေ မြို့တော်ဦးရပ်ကွက်ကို စစ်ရှောင်နေကြတာပါ။ ဘာလို့လဲဆို အဲဒီလိုနေရာတွေမှာ စကစတပ်တွေ နေရာဝင်ယူတဲ့အတွက် ပြည်သူလူထုက ထိတ်လန့်ပြီး ရှောင်နေကြတာ။ စစ်ကောင်စီတပ်တွေက လူထုကြားမှာ နေရာဝင်ယူတယ်၊ အရပ်ဘက် ပစ်မှတ်တွေကို ပစ်တဲ့သာဓကတွေရှိလို့ လူထုကရှောင်တယ်။ ၂၀ ရက်နေ့က ၇၂ နှစ်နဲ့ ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးသွားရတာပါ၊ ဒဏ်ရာရသူတွေကတော့ သက်သာတယ်လို့ သိရပါတယ်” ဟု ကျားဖြူစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးသူများမှာ နန့်ကော်ထိုးရပ်ကွက်မှ ဦးထွန်းရင် (၇၂ နှစ်)နှင့် မောင်ဖြိုးမင်းခန့် (၁၈နှစ်)တို့ဖြစ်ပြီး ဒေသခံသုံးဦးလည်း လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများမှာ ဆေးကုသမှုခံယူပြီးနောက် သက်သာနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၉၇)၏ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့၊ ရပ်ကွက်(၁)၊ ရှမ်းစုရပ်၊ ရွှေကြက်မင်းဘုရားလမ်းနေ အမျိုးသမီး လေးဦးနှင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ