ဆမီးဗျူးဟာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွား

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ဆမီးမြို့ရှိ စစ်ကောင်စီတပ်ဗျူဟာ မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် ချင်းပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) က ဆမီးဗျူဟာကုန်းကို ဇန်နဝါရီလ ၁၄ရက်နေ့တွင် အပြီးသတ်သိမ်းယူခဲ့ပြီးနောက် အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်သားများသည် ထိုစခန်းကို စွန့်ခွာထွက်ပြေးလာရာစဥ် ဆမီးမြို့နှင့် မတူပီမြို့နယ်အစပ်တွင် ချင်းပူးပေါင်းတပ်ဖွဲ့နှင့် ဇန်နဝါရီလ ၂၀ရက် မနက်ပိုင်းမှ စတင်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“ဆမီးဗျူဟာကထွက်ပြေးလာတဲ့သူတွေက မတူပီဗျူဟာဘက်ကိုပေါင်းဖို့အတွက် ဦးတည်သွားနေတဲ့ပုံစံမျိုးရှိတယ်။ ကျနော်တို့တပ်ဖွဲ့တွေ တောက်လျောက်လိုက်နေတယ်” ဟု CDF – Paletwa တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ဆမီးမြို့နယ်၊ ဒီလောင်ကုန်းဝန်းကျင် ပိုင်ရွာအနီးနှင့် မတူပီမြို့နယ် စံသား အစပ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး ဆက်လက်၍ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ သေဆုံး၊ ထိခိုက်မှု အခြေအနေကို မထုတ်ပြန်နိုင်သေးသော်လည်း CDF – Paletwa တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံထားရကြောင်း CDF – Paletwa တာဝန်ရှိသူက ဆက်ပြောသည်။

ယခုဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကို CDF – Paletwa နှင့်အတူ ချင်းအမျိုး သားတပ်မတော် (CNA) ၊ CDF – Matupi တို့ ပူးပေါင်းနေကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ နှမဒါဗျူဟာနှင့် ခန်ခတောင်ဗျူဟာ ကို ဇန်နဝါရီလ ၃ရက်နေ့တွင် AA က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းနိုင်ခဲ့ပြီး ယင်းစခန်းများမှ တပ်သား ၂၇၈ဦး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့သည်။

ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်ကို စစ်ကောင်စီလုံးဝကင်းစင်သော ဒေသအဖြစ် ဇန်နဝါရီလ ၁၄ရက်နေ့တွင် ကြေညာထားသော်လည်း တယောက်ချင်း(သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် အထူးသတိထားသွားလာကြရန် AA က သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး