ဖိလစ်ပိုင်နှင့် တရုတ် ဆက်ဆံရေးတင်းမာနေချိန်တွင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံ  

ဖိလစ်ပိုင်နှင့် တရုတ် ဆက်ဆံရေးတင်းမာနေချိန်တွင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံ 

တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောနှင့် ဖိလစ်ပိုင်သင်္ဘောတစ်စင်းတို့ မကြာသေး မီက တိုက်မိခဲ့ပြီး ဒေသတွင်းတွင် တင်းမာမှုများ ထပ်မံဖြစ်ပေါ်နေချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၏ ထိပ်တန်းစည်းအဝေးများကို ဂျကာတာမြို့တွင် နိုဝင်ဘာ ၁၅ရက်က စတင်လိုက် သည်။  

လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးပြီးနောက်  အစ္စရေး-ဟားမတ်စ်စစ်ပွဲကို ကမ္ဘာက အာရုံစိုက်နေချိန်တွင် နိုဝင်ဘာ ၁၆ရက်တွင် အာဆီယံကာကွယ်ရေးဝန်ကြီးများအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ အပါအဝင် ဆွေးနွေးဖက် ရှစ်နိုင်ငံက ပါဝင်ဆွေးနွေးခဲ့ကြသည်။  

“လက်ရှိမှာ အစဉ်အလာနဲ့ ပေါ်ပေါက်လာတဲ့၊ သမားရိုးကျမဟုတ်တဲ့ ကိစ္စရပ်တွေ အပါအဝင် လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများစွာကို ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်” ဟု အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဆူဘန်တိုက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

“ကျွန်ုတော်တို့ရဲ့ ကမ္ဘာလုံးချီချိတ်ဆက်ထားတဲ့ခေတ်မှာ ဒေသတစ်ခုက ပဋိပက္ခတွေက ကျွန်တော်တို့ အားလုံး အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်၊ ဒါက ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ပူးပေါင်း ကြိုးပမ်းမှုတွေပြုလုပ်ဖို့ လိုအပ်ကြောင်းကို အလေးအနက်ဖော်ပြနေပါတယ်” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့ သည်။  

တောင်တရုတ်ပင်လယ်အရေး တင်းမာမှုသည် အစည်းအဝေးများတွင် အဓိကအကြောင်းအရာဖြစ်ခဲ့သည်။ 

တရုတ်က တောင်တရုတ်ပင်လယ်ပြင်တွင် အရှေ့တောင်အာရှ နိုင်ငံအများအပြားနှင့် အပြိုင် ပိုင်နက် နယ်မြေများ တောင်းဆိုထားသည်။  

စက်တင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့က ပင်လယ်ပြင်ပဋိပက္ခကို ရှောင်ရှားရန် ရည်ရွယ်၍ တရုတ်နှင့် ကျင့်ဝတ်စည်းကမ်းတစ်ခုကို ပြုစုရန် ကြိုးပမ်းခဲ့သည်။  

သို့သော် ယင်းကိစ္စနှင့်ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်မှာ ဝေဝါးခဲ့ပြီး အဖွဲ့အနေဖြင့် နိုင်ငံတကာ ဥပဒေနှင့်အညီ ထိရောက်ခိုင်လုံသော သဘောတူညီချက်တစ်ရပ်ကို ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်းသာ ဖော်ပြခဲ့သည်။  

တချိန်တည်းမှာပင် အာဆီယံနိုင်ငံအချို့နှင့် တရုတ်အကြား ပွတ်တိုက်မှုသည် မကြာသေးမီက ပိုမို ပြင်းထန်လာခဲ့သည်။ 

အောက်တိုဘာလနှောင်းပိုင်းတွင် တရုတ်ကမ်းရိုးတန်းစောင့်တပ်သင်္ဘောတစ်စင်းသည် စစ်ဘက်စခန်းတစ်ခုသို့ ထောက်ပို့ပြုလုပ်နေသည့် ဖိလစ်ပိုင်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့သည်။ 

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုမှုများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဖိလစ်ပိုင်က ပိုမို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။ အခြေခံအဆောက်အအုံစီမံကိန်းများကို တရုတ်စိတ်ဝင်စားမှု နည်းပါးမှု ကြောင့် ရင်းနှီးမြှုပ်နှံများ ရှာဖွေနေကြောင်း သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၏ အစိုးရအဖွဲ့က ပြောကြားခဲ့ သည်။  

နိုဝင်ဘာ ၁၀ ရက်တွင် ဖိလစ်ပိုင်စစ်တပ်ကင်းစခန်းအတွက် ထောက်ပံ့ရေးပြုလုပ်နေသည့် သင်္ဘော ၁ စင်းကို တရုတ်သင်္ဘောက မီးသတ်ပိုက်ဖြင့် ထိုးခဲ့သေးသည်။