ဖိလစ်ပိုင်၏ အကြိမ်ကြိမ် ရန်စမှုကို မျက်ကွယ်ပြုနေမည်မဟုတ်ဟု တရုတ် ပြော

Asia One

တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ မြင့်တက်နေသည့်ကြားတွင် တရုတ်နိုင်ငံက ဖိလစ်ပိုင်၏ အကြိမ်ကြိမ် “ရန်စမှုနှင့် အနှောင့်အယှက် ပေးခြင်းများ” ကို မျက်ကွယ်ပြုနေမည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။

တရုတ်ကမ်းခြေစောင့်တပ်များသည် ဖိလစ်ပိုင် တပ်ထောက်ကူပို့ သင်္ဘောများအား ရေအမြောက်များဖြင့် အကြိမ်ကြိမ် ထိုးပက်၍ သင်္ဘောတစင်း “ဆိုးဆိုးဝါးဝါး အင်ဂျင်ပျက်စီး”ကာ နောက်တစင်းကိုလည်း ဝင်တိုက်ကြောင်း ဖိလစ်ပိုင်က ယခုလအစောပိုင်းတွင် စွပ်စွဲထားသည်။

ယင်း စွပ်စွဲချက်များသည် “တက်တက်စင် မှားယွင်းကြောင်း” တရုတ်စစ်တပ် ပြောခွင့်ရသူ ဝူကျင်းက ဆိုကာ ဖိလစ်ပိုင်သည် ၎င်း၏ သင်္ဘောများအား အငြင်းပွား ကမ်းနီးရေတိမ်ပိုင်းဆီ “ကျူးကျော်မောင်းနှင်” ကြောင်း၊ တရုတ်ကမ်းခြေစောင့်သင်္ဘောတစင်းကိုလည်း “ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ကြောင်း” ပြောဆိုသည်။

တရုတ်ကမ်းခြေစောင့်တပ်အနေဖြင့် တရားမျှတမှုနှင့် တရားဝင်မှုအတွက် လိုအပ်သော ဥပဒေလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းပဲ ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ဝူက ပြောသည်။

“တရုတ်ဟာ အမြဲပဲ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းတိုင်ပင်မှုတွေနဲ့ ကွဲပြားမှုတွေကို ဖြေရှင်းပြီး ရေကြောင်း တည်ငြိမ်ရေးအတွက် ပူးတွဲအားထုတ်နေပါတယ်၊ ဒါပေမဲ့ ဖိလစ်ပိုင်ရဲ့ အကြိမ်ကြိမ် ရန်စမှုနဲ့ အနှောင့်အယှက် ပေးနေမှုကိုတော့ ကျွန်တော်တို့တွေ မျက်ကွယ် ပြုမနေနိုင်ဘူး”ဟု ဝူက ဆိုသည်။

တရုတ်ကို ဆက်လက် ရန်မူရန် ဖိလစ်ပိုင်သည် အမေရိကန်၏ အထောက်အပံ့ကို မှီခိုနေကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက စွပ်စွဲဖော်ပြသည့်နောက်တွင် တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်သည် ရန်စခြင်း မရှိကြောင်း ယခု သီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင် စစ်တပ်ပြောခွင့်ရသူတဦးက တုံ့ပြန်သည်။

ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်၏ လက်ထက်တွင် တရုတ်နှင့် ရေပြင်အငြင်းပွားနေသော အရှေ့တောင်အာရှနိုင်ငံများကို ထောက်ခံသည့် အမေရိကန်နှင့် နီးစပ်ပြီး တောင်တရုတ်ပင်လယ်အရေးတွင် အိမ်နီးချင်း ဖိလစ်ပိုင်နှင့် တရုတ်တို့ ဆက်ဆံရေးက ဆိုးဝါးလျက် ရှိသည်။

“တောင်တရုတ်ပင်လယ်အရေးမှာ ကြားဝင်စွက်ဖက်တာ ချက်ချင်းရပ်ဖို့ အမေရိကန်ကို ကျွန်တော်တို့ တိုက်တွန်းတယ်၊ ဖိလစ်ပိုင်ရဲ့ ထိပါးမှုတွေ၊ ရန်လုပ်မှုတွေကို ထောက်ပံ့နေတာ ရပ်ဖို့ တိုက်တွန်းတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ဝူက ပြောသွားသည်။

(မိုးသဲ ဘာသာပြန်သည်။)