စစ်ကောင်စီတပ်၏ လက်နက်ကြီးရန်ကြောင့် ကျိုက်ထိုဒေသခံများ ထွက်ပြေး တိမ်းရှောင်

စစ်ကောင်စီတပ်၏ လက်နက်ကြီးရန်ကြောင့် ကျိုက်ထိုဒေသခံများ ထွက်ပြေး တိမ်းရှောင်

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် (ဓါတ်ပုံ- KNU)

YT (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ဇီးပြောင်း‌ကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာအုပ်စု၊ ဝင်းကလောကျေးရွာအုပ်စု၊ အာလူးကျေးရွာအုပ်စုနှင့် ငှက်ပျောတောကျေးရွာအုပ်စု ဒေသခံများ ဖြစ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့၊ ည ၁၁ နာရီခွဲ ဝန်းကျင်က ဝေါမြို့နယ်၊ အုတ်(၂) အရှေ့ခြမ်း၊ အုန်းတောကျောင်းတိုက်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ အိမ်မွေးတိရစ္ဆာန်အချို့ ထိခိုက်သေဆုံးခဲ့သည်။

ယင်းနောက် ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခြင်းမျိုး မဟုတ်သော်လည်း ကလေးငယ်နှင့် သက်ကြီးရွယ်အိုရှိသည့် မိသားစုများ အဓိက တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ဝေါနဲ့ ဒီဘက်က စစ်တောင်းတံတားပဲ ခြားတာလေ၊ အဲ့ဒီလိုဆိုတော့ ရမ်းပစ်ရင် အကုန်ထိမှာစိုးကြတော့ ရွာသားတွေ ကြောက်ပြီးရှောင်ကြတာမျိုးပါ၊ အကုန် ရှောင်ကြတာတော့ မဟုတ်ဘူး အသက်ကြီးတဲ့သူတွေ ကလေးငယ်တွေ ရှိတဲ့သူ တွေပေါ့၊ သူတို့ရဲ့ တောင်ယာတွေထဲကို ရိက္ခာတွေ ဆန်တွေ သယ်တင်ပြီး ရှောင်ကြတာပါ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း တည်ရှိသည်။

တဘက်မှာလည်း စစ်ကောင်စီတပ်၏ တပ်မ (၄၄) ဌာနချုပ်၊ အမြှောက်တပ် အမတ (၆၀၂)၊ ခြေလျင်တပ်ရင်း ခလရ (၉၆)၊ ခြေမြန်တပ်ရင်း ခမရ (၂၀၇)၊ အမတ (၃၁၀) တပ်တို့သည် ကျိုက်ထိုမြို့နယ်အတွင်း ရှိနေသည်။

ထိုဒေသတွင် ယခုရက်ပိုင်းအတွင်း KNU တပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဘက်ထိတွေ့ တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“နေ့တိုင်းလိုလိုပဲလေ ပစ်နေတာက၊ သူတို့မှာက Target မရှိဘူး၊ ကျချင်ရာကျ ပစ်မယ်ဆိုတာမျိုးပေါ့” ဟု ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က KNU တပ်မဟာ (၁) နယ်မြေ၊ သထုံမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ ထုံးဘိုကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ခြေမြန် တပ်ရင်း ခမရ (၉) က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သည်။

စာတည်း။ ။ နောင်နောင်