အထိန်းသိမ်းခံ တောင်ကိုရီးယား ကစားသမားကို ခရစ္စမတ်ကာလမှာ လွှတ်ပေးဖို့ တရုတ်ကို ကလင်စမန်း တိုက်တွန်း

အထိန်းသိမ်းခံ တောင်ကိုရီးယား ကစားသမားကို ခရစ္စမတ်ကာလမှာ လွှတ်ပေးဖို့ တရုတ်ကို ကလင်စမန်း တိုက်တွန်း

(AFP)

By PKThawn တောင်ကိုရီးယားအသင်းနည်းပြ ဂျာဂန်ကလင်စမန်းက ကွင်းလယ်ကစားသမား ဆွန်ဂျွန်ဟိုကို ခရစ္စမတ်အားလပ်ရက်မတိုင်ခင် လွှတ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

“နိုင်ငံတော် ယန္တရားမှာ မပါဝင်တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လာဘ်ငွေ လက်ခံသည်ဟု သံသယဖြင့်” အသက် ၃၁ နှစ်အရွယ် ကစားသမားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အသေးစိတ် ဖော်ပြချက်မပါရှိဘဲ ဘေဂျင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေလက ပြောပါတယ်။

ဆွန်ကို လျောင်နင်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ထိန်းသိမ်းထားကြောင်း တောင်ကိုရီးယား မီဒီယာက ဖော်ပြခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူ့ရဲ့ ဖြစ်စဉ်ကို သတင်းမကြားရပါဘူး။

ဆွန်ဟာ တရုတ်စူပါလိဂ်ကလပ် Shandong Taishan အသင်းနဲ့အတူ ၂၀၂၁ ကတည်းက အတူရှိနေခဲ့ပြီး ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ၄ ပွဲကစားခဲ့ပါတယ်။

“အခုအချိန် ကျနော်တို့မှာ ခရစ္စမတ်အတွက် ဆန္ဒတခုပဲ ရှိပါတယ်”လို့ ဂျာမန်နည်းပြ ကလင်စမန်းက အင်္ဂါနေ့က တရုတ်အသင်းကို အဝေးကွင်းမှာ ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး တောင်ကိုရီးယားသို့ ရောက်ရှိလာပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။

“အဲဒါက ဆွန်ဂျွန်ဟိုကို ပြန်လွှတ်ပေးဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ သူ အမှားလုပ်ခဲ့တယ်ဆိုတဲ့ သက်သေကို ဒီနေ့အထိ ဘာတခုမျှ မပြနိုင်သေးလို့ပါ။

“ဒါကြောင့် ခရစ္စမတ်မတိုင်ခင် သူ့မိသားစုနဲ့တွေ့ဆုံဖို့ တရုတ်အစိုးရက သူ့ကို လွှတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ “လို့ ကလင်စမန်းက ဖြည့်စွတ်ပြောဆိုခဲ့ပါတယ်။

အားပေးထောက်ခံမှုပြသတဲ့အနေဖြင့် ကလင်စမန်းက ဆွန် ထိန်းသိမ်းခံထားပေမယ့်လည်း ဇွန်လအတွင်း ခြေစမ်းပွဲနှစ်ပွဲအတွက် သူ့ကို အသင်းလူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ဆွန် လွတ်မြောက်ရေးအတွက် တာဝန်ရှိသူတွေက တရုတ်နိုင်ငံသို့ စေလွှတ်ထားတယ်လို့ ကိုရီးယားဘောလုံးအဖွဲ့ချုပ်က အေအက်ဖ်ပီကို ပြောပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ရှေ့နေက သူတို့နဲ့ စကားပြောဖို့ “တွန့်ဆုတ်”နေခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ဆွန်ရဲ့ အမှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဘေဂျင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဟာ “တရားဥပဒေစိုးမိုးမှုအောက်မှာရှိတဲ့ နိုင်ငံတနိုင်ငံ”ဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံဟာ “အမှုတွေကို ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး ပါဝင်ပတ်သက်သူတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးတယ်”လို့ ပြောရေးဆိုခွင့်ရှိသူ မောင်းနိန်(Mao Ning) က ပြောပါတယ်။