တရုတ်၏ လစ်သီယမ် လိုချင်တပ်မက်မှုလောဘက တိဗက်ကုန်းပြင်မြင့်ကို ပျက်စီးစေ

၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်ကတွေ့ရသော တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ယိချွန်းမြို့ရှိ လစ်သီယမ်သတ္တုအရည်ကျိုစက်ရုံ

၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်ကတွေ့ရသော တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ယိချွန်းမြို့ရှိ လစ်သီယမ်သတ္တုအရည်ကျိုစက်ရုံ

Japan Forward

တရုတ်က တိဗက်ကို အဘယ်ကြောင့် ကျူးကျော်ခဲ့သနည်း။ အကြောင်းရင်းများစွာရှိသည့်အနက် တခုမှာ တိဗက်သည် သဘာဝအရင်းအမြစ်များ အလွန်ကြွယ်ဝသောကြောင့်ဖြစ်သည်။ ထိုအချက်ကို တရုတ်သတင်းရင်းမြစ်များက ထောက်ခံထားသည်။ လျှပ်စစ်မော်တော်ကားများ ဝယ်လိုအား မြင့်တက်လာမှုက ကမ္ဘာတဝန်းတွင် လစ်သီယမ်သတ္တုတူးဖော်ရေးပြိုင်ဆိုင်မှုအသစ်ကို အရှိန်ရစေသည်။ လစ်သီယမ်ကို အဓိကအားဖြင့် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများတွင် အသုံးပြုကြပြီး ရုပ်ကြွင်းလောင်စာများအတွက် သင့်လျော်သော အစားထိုးမှုအဖြစ် ယူဆထားကြသည်။

တရုတ်နိုင်ငံတွင် လစ်သီယမ်သတ္တုသိုက်ကြီးများရှိသည်။ တရုတ်သည် သတ္တုတူးဖော်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းနှင့် လစ်သီယမ်များကို ကမ္ဘာအနှံ့သို့ တင်ပို့ရောင်းချခြင်းတွင် ကာလရှည်ကြာပါဝင်လျက်ရှိသည်။ တိဗက်ကုန်းပြင်မြင့်တွင် မကြာသေးမီက လစ်သီယမ်သတ္တုသိုက်များ ရှာဖွေတွေ့ရှိမှုကို ရာနှင့်ချီသော လစ်သီယမ်စက်မှုလုပ်ငန်းများက အာရုံစိုက်လာကြသည်။ ထိုအချက်က ကမ္ဘာ့ခေါင်မိုးဟုတင်စားခေါ်ဝေါ်သော တိဗက်၏ ဂေဟစနစ်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲကို ခြိမ်းခြောက်လျက်ရှိသည်။

“ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကမ္ဘာ့ပြိုင်ပွဲမှ ရွှေဖြူအပူတပြင်းရှာဖွေမှုရှေ့တန်းသစ်-တိဗက်” ခေါင်းစဉ်နှင့် အစီရင်ခံစာကို Turquoise Roof သတင်းဝက်ဘ်ဆိုက်က ၂၀၂၃ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာအရ တိဗက်အရှေ့ပိုင်းတွင် တရုတ်နိုင်ငံရှိ လစ်သီယမ် အရန်အားလုံး၏ အနည်းဆုံး ၈၅ ရာခိုင်နှုန်းရှိကြောင်း တရုတ်ဘူမိဗေဒပညာရှင်များက အသိအမှတ်ပြုထားသည်။

တိဗက်ကုန်းပြင်မြင့်သည် တရုတ်ခန့်မှန်းထားသည့် လစ်သီယမ်တန်ချိန် ၄ ဒသမ ၀၄၇ သန်း၏ အနည်းဆုံး တန်ချိန် ၃ ဒသမ ၆၅၅ သန်း သိုလှောင်ထားသည်ဟု ဆိုသည်။ Tesla နှင့် BYD ကဲ့သို့သော လျှပ်စစ်ကားထုတ်လုပ်သူများသည် တိဗက်၏ လစ်သီယမ် ထုတ်ယူမှု အထူးသဖြင့် လစ်သီယမ်သတ္တရိုင်းကို များစွာ မှီခိုနေရသည်။ လက်ရှိစက်ရုံများက လစ်သီယမ်ထုတ်လုပ်မှု နှစ်ဆတိုးမြှင့်ထားချိန်တွင် စက်ရုံအသစ်များလည်း ဆောက်ထားကြသည်။

ရှီကျင့်ဖျင်၏ လှုပ်ရှားမှု

Turquoise Roof အစီရင်ခံစာအရ လစ်သီယမ်ထုတ်ယူခြင်းနှင့် ကုန်ချောထုတ်ခြင်းများတွင် စွန့်ပစ်ပစ္စည်းများ ထွက်ခြင်း၊ ညစ်ညမ်းခြင်းနှင့် စွမ်းအင်အလွန်အကျွံသုံးစွဲခြင်း ဖြစ်စဉ်များ ပါဝင်သည်။ ထိုအချက်များက ဒေသခံမြစ်များနှင့် ခြံမွေးတိရစ္ဆာန်များကို ထိခိုက်ပျက်စီးစေသည်။

တရုတ်သည် တိဗက်အပေါ် အကြီးအကျယ် အမြတ်ထုတ်မှုကို စတင်နေပြီး ရှီကျင့်ဖျင်က “တရုတ်နိုင်ငံမှ ထုတ်လုပ်သည် – ၂၀၂၅” ဟူသော လှုပ်ရှားမှုဖြင့် ၎င်းကိုယ်တိုင် ပံ့ပိုးပေးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်တွင် ချင်ဟိုင်းပြည်နယ်ခရီးစဉ်အတွင်း ရှီက လစ်သီယမ်ထုတ်ယူမှုကို အရှိန်မြှင့်ရန် ပြောခဲ့သည်။ တိဗက်သည် လစ်သီယမ်အပြင် ဆေးဝါးနှင့် အီလက်ထရွန်နစ်ပစ္စည်းများကဲ့သို့ အရေးကြီးသောစက်မှုလုပ်ငန်းများနှင့် နည်းပညာအမျိုးမျိုးတွင် အသုံးပြုသည့် အရေးပါသော ကမ္ဘာ့အကြီးဆုံးသတ္တုသိုက်များရှိသည့်နေရာဖြစ်သည်။

တရုတ်သည် ၁၉၅၀ ခုနှစ်နှောင်းပိုင်းတွင် တိဗက်ကို သိမ်းပိုက်ပြီးကတည်းက ခရိုမီယမ်နှင့် ဒန်သတ္တုအတွက် စိုင်ဒမ်မြစ်ဝှမ်းတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ ထို့နောက် ခမ်းနှင့်အမ်ဒိုမြစ်ဝှမ်းတွင် ရွှေတူးဖော်ရန် ဒုတိယအကြီးဆုံး သတ္တုတူးဖော်မှုလုပ်ငန်းကို ၁၉၈၀ ပြည့်နှစ်အလွန်တွင် စတင်ခဲ့သည်။

ကြေးနီသတ္တုသိုက် အများအပြားကို ရှာဖွေတွေ့ရှိပြီးနောက် တိဗက်၌ ၂၁ ရာစုတွင် တူးဖော်မှုတိုးမြှင့်လုပ်ဆောင်လာသည်။ မကြာသေးမီက လစ်သီယမ်သတ္တုသိုက်အများအပြားကို ရှာဖွေတွေ့ရှိမှုကြောင့် ကမ္ဘာတဝန်းမှ ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ်ထုတ်လုပ်သူများသည် တိဗက်ကို အာရုံစိုက်လာသည်။ ယင်းက ထိုဒေသ၏ သဘာဝဂေဟစနစ်ကို ထပ်မံအမြတ်ထုတ်မှုဖြစ်စေသည်။ လစ်သီယမ်ကို လစ်သီယမ်-အိုင်းယွန်းဘက်ထရီများတွင် စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုနေပြီမှာ ကြာပြီဖြစ်သည်။

ရေနှင့်မြေဆီလွှာညစ်ညမ်းခြင်း

အဆက်မပြတ်သတ္တုတူးဖော်ခြင်းသည် တိဗက်ကုန်းပြင်မြင့်၏ ဂေဟစနစ်ကို ဆိုးရွားစွာ ထိခိုက်စေပြီး ညစ်ညမ်းမှုအဆင့်ကို မြင့်တက်စေသည်။ ၎င်းသည် မြစ်များနှင့် ချောင်းများကို ညစ်ညမ်းစေရုံသာမက အချို့သော အခြေအနေများတွင် ရေစီးဆင်းမှုကိုပင် လမ်းကြောင်းပြောင်းစေခဲ့သည်။ ထို့ပြင် ဒေသရှိ သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်မျိုးစုံကိုလည်း ဆိုးကျိုးသက်ရောက်စေသည်။ ပေကျင်းအစိုးရသည် တိဗက်ကုန်းပြင်မြင့်တလျှောက်၌ အဆက်မပြတ်သတ္တုတူးဖော်ခြင်း၏ ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးစဉ်းမျှသာ စိုးရိမ်ပုံရသည်။ ၎င်း၏ အဓိကအာရုံစိုက်မှုမှာ ငွေရရှိရေးသာဖြစ်သည်။

မြစ်ချောင်းများသည် အများဆုံးထိခိုက်ခံရပြီး ပြန်လည်ကောင်းမွန်ရန် အလှမ်းဝေးလှသည်။ တိဗက်ကုန်းပြင်မြင့်သည် မဲခေါင်မြစ်နှင့် ယာလုံဆန်ပို(အိန္ဒိယတိုက်ငယ်ရှိ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်း) ကဲ့သို့သော အရေးပါသောမြစ်ကြီးများ၏ မူလအစဖြစ်သည်။ ထိုမြစ်များသည် အရှေ့တောင်အာရှနှင့် တောင်အာရှရှိ သန်းပေါင်းများစွာသော လူများအတွက် အသက်သွေးကြောဖြစ်သည်။

ထိုမြစ်များတလျှောက်တွင် အဆက်မပြတ် သတ္တုတူးဖော်ခြင်းများသည် ရေထဲရှိ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များကို ဆိုးရွားစွာ ထိခိုက်စေသည်။ ထို့ကြောင့် အရှေ့တောင်တိုင်းနိုင်ငံများ၏ အဓိကစားနပ်ရိက္ခာရင်းမြစ်ဖြစ်သည့် ငါးဖမ်းလုပ်ငန်းကို ကျဆင်းစေသည်။ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ် တောင်ပိုင်းတို့သည် မဲခေါင်မြစ်အတွင်းမှ ငါးများကို မှီခိုနေရသည်။

ငါးပြတ်လပ်မှုက အဆိုပါနိုင်ငံများတွင် စားနပ်ရိက္ခာအကျပ်အတည်းကဲ့သို့သော အခြေအနေတရပ်ကို ဖြစ်စေသည်။ တဖက်တွင်မူ အဆိုပါမြစ်များမှ ညစ်ညမ်းသောရေနှင့် ရောဂါပိုးရှိသော ရေနေသတ္တဝါများ စားသုံးမှုကြောင့် နှစ်စဉ် လူရာနှင့်ချီ သေဆုံးလျက်ရှိသည်။ Gyama Copper Poly-metallic သတ္တုတွင်းမှ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများသည် လာဆာမြို့နှင့်ကပ်လျက် စီးဆင်းနေသော ရေများကို အဆိပ်သင့်စေသည်။ ယင်းက လွန်ဒက်ကောင်တီရှိ ထောင်ပေါင်းများစွာသော တိဗက်လူမျိုးများ၏ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေသည်။

တရုတ်နိုင်ငံ၏ အမှိုက်ပုံ

နောက်ပြဿနာတခုမှာ မြေဆီလွှာညစ်ညမ်းမှုဖြစ်သည်။ လစ်သီယမ် တူးဖော်ထုတ်ယူစဉ်အတွင်း ဓာတုပစ္စည်းအများအပြားသည် မြေဆီလွှာနှင့် ထိတွေ့သည်။ မြစ်များနှင့် ရေလွှမ်းမိုးမှုများက ညစ်ညမ်းသောမြေကို စိုက်ခင်းများဆီသို့ ရောက်ရှိစေကာ သီးနှံများ ကြီးထွားမှုကို ထိခိုက်စေသည်။ အနီးအနားရှိ ရေမျက်နှာပြင်ကို အဆိပ်သင့်စေသည့်အပြင် မြေအောက်ရေကိုလည်း ပြင်းထန်သော သက်ရောက်မှုရှိသည်။

မိုင်းလုပ်သားများနှင့် အနီးပတ်ဝန်းကျင်မှ နေထိုင်သူများကိုလည်း ပြင်းထန်စွာ ထိခိုက်စေပြီး နောက်ပိုင်းတွင် အမျိုးမျိုးသော ရောဂါများ စွဲကပ်နေသည်ကို တွေ့ရသည်။ အချို့သည် အဆိုပါဓာတုပစ္စည်းများနှင့် ဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့်ပင် အသက်သေဆုံးသည်အထိဖြစ်သည်။ တိဗက်ကုန်းပြင်မြင့်၏ နေရာအတော်များများတွင် သီးနှံစိုက်ခင်းနှင့် စိုက်ပျိုးမြေဧက ရာနှင့်ချီ ထိခိုက်ခံရပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး ပြဿနာများကို ပိုမိုရှုပ်ထွေးစေသည်။

တရုတ်နိုင်ငံသည် ပါတီများညီလာခံ (CoP) ထိပ်သီးအစည်းအဝေးများနှင့် အခြားသော သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးများကဲ့သို့သော ပလက်ဖောင်းများတွင် မတည်သော ကတိများ ပေးလျက်ရှိသည်။ တိဗက်တဝိုက်ရှိ ဂေဟစနစ်ဆိုင်ရာ ဇီဝနယ်ပယ်များကို ထိန်းသိမ်းရာတွင်လည်း အောင်မြင်မှုမရှိသလောက်ဖြစ်သည်။

တကယ်တမ်းတွင် တိဗက်သည် ပေကျင်းအတွက် အမှိုက်စွန့်ပစ်ရာနေရာဖြစ်လာသည်။ ရေခဲမြစ်များ အရည်ပျော်နေပြီး ရာပေါင်းများစွာသော မြစ်ငယ်နှင့်ချောင်းများ ခန်းခြောက်သွားကာ လေထုမှာလည်း ညစ်ညမ်းလာသလို ရေလွှမ်းမိုးမှုများမှာ ပုံမှန်လို ဖြစ်လာသည်။ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များစွာမှာလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပေပြီ။ တရုတ်က ရွှေဖြူများကို ထုတ်ယူရင်း အလုပ်များနေချိန်တွင် တိဗက်သည် အကြီးမားဆုံးအနှောင့်အယှက်ခံနေရသည့်အခြေအနေကို ဖြတ်သန်းနေရသည်။