ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သား Southern YSO PDF ထံလက်နက်နှင့်အတူ လာရောက်ပူးပေါင်း

ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သား Southern YSO PDF ထံလက်နက်နှင့်အတူ လာရောက်ပူးပေါင်း

လက်နက်နှင့်အတူအလင်းဝင်လာသည့် ရဲတပ်သားအားလက်နက်များနှင့်အတူတွေ့ရစဉ်

MTO (မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ပခုက္ကူမြို့ရှိ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတဦးသည် Southern YSO PDF အဖွဲ့ထံသို့ လက်နက်နှင့်အတူ လာရောက်ပူးပေါင်းသည်ဟု ယင်းအဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါရဲတပ်သားသည် ၎င်းကိုင်ဆောင်သည့် G 3 သေနတ် တလက်နှင့်အတူ ကျည်ဘောက် လေးခု ကျည်ဆန် ၁၂၇ တောင့် နှင့် လက်ထိတ် တခု တို့ကို ယူဆောင်ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် Southern YSO PDF အဖွဲ့ထံ ရောက်လာခြင်းဖြစ်ကြောင်း အဖွဲ့ ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

“အဲ့ရဲဘော်နဲ့က ၈ လပိုင်းလောက်ကတည်းက အဆက်အသွယ်ရတာ ခေါ်ယူဖို့ ခက်ခဲနေတာ နောက်ပြီး သူကလည်း စစ်ကြောင်းတွေထဲ ပါပါသွားလို့ အချိန်ကြာသွားတာ နောက်ပိုင်းကျတော့ သူထွက်လာနိုင်မယ့် လမ်းကြောင်းတခု ပေါ်လာလို့ သူ့ကိုခေါ်လိုက်နိုင်တယ် ။ ပြီးတော့ သူယူဆောင်လာတဲ့ လက်နက်ပစ္စည်းတွေအတွက် ဂုဏ်ပြုငွေ သိန်း ၈၀ ပေးအပ်ခဲ့တယ်“ ဟု ၎င်းကပြောသည်။

ယင်းအပြင် လာရောက်ပူးပေါင်းရန်အတွက် Southern YSO PDF အဖွဲ့ထံ ဆက်သွယ်ထားသူများ လည်းရှိနေသေးပြီး အခြေအနေအရ ခေါ်ထုတ်နိုင်သေးခြင်းမရှိကြောင်း ကိုအောင်မောင်းက ဆက်‌ပြောသည်။

“တချို့ကလည်း ထွက်လာချင်တယ် မိသားစုလုံခြုံရေးအတွက် အဓိကထားနေရတဲ့ အခြေအနေမို့လို့ အဆင်ပြေအောင် ဆောင်ရွက်နေရတာတွေ ရှိတယ်။ ထွက်လာဖို့ ကြိုးစားနေတဲ့ ရဲတပ်သားတွေ ကော ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကော ရှိတယ် ကျ နော်တို့နဲ့လည်း အချိတ်အဆက်ရှိတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတဝန်း ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးအရှိန် မြှင့်တင်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ရဲတပ်သားများ ထိခိုက်သေဆုံးမှု များပြားလာကာ တဦးတယောက်ချင်းစီနှင့် တပ်ရင်းလိုက် ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အလင်းဝင် ရောက်လာခြင်း၊ ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်၍ ပူးပေါင်းလာခြင်းများ များပြားလာနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး