အရပ်သားများကို ခြောက်လှန့်လာသည့် စစ်ကောင်စီ၏ မီးလောင်ဗုံးအန္တရာယ်

ပုံအညွှန်း- စစ်ကောင်စီ၏ မီးလောင်ဗုံးကြောင့် မီးလောင်နေသည့် ရခိုင်ပြည်နယ်မှ နေအိမ်များ (ဓာတ်ပုံ CJ)

ပုံအညွှန်း- စစ်ကောင်စီ၏ မီးလောင်ဗုံးကြောင့် မီးလောင်နေသည့် ရခိုင်ပြည်နယ်မှ နေအိမ်များ (ဓာတ်ပုံ CJ)

ဓါတုရေးသားသည်။

အရပ်သားအသွင်ပြောင်းအစိုးရ သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်မှောက်ကြသည့် စခန်းများကို ရဲတပ်သားများက မီးလောင်စေသည့် လက်နက်များ အဓိကသုံး ဖြိုခွင်းခဲ့သဖြင့် သပိတ်မှောက် သံဃာများအပါအဝင် အရပ်သားအချို့ မီးလောင်ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်ကြောင့်ပြည်သူလူထု၏ ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့သည်။

လက်ရှိစစ်​​ကောင်စီအ​နေဖြင့် ယင်းကဲ့သို့ မီး​လောင်​စေသည့် လက်နက်ကျည်ကွင်းများ သာမက ​ပေါက်ကွဲမှုအဆမတန်မြင့်သည့် ပြင်းအားဖျက် မီး​လောင်ဗုံးများကိုပါ အာဏာသိမ်းပြီးကာလတွင် စတင်အသုံးပြုလာသည်။

၂၀၂၂ ခုနှစ်မှစ၍ တိုက်ပွဲအရှိန်အဟုန် ပိုမိုပြင်းထန်ခဲ့သည့် ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်နေရာအချို့တွင် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများတည်ရှိရာ နေအိမ်များသို့မီးလောင်ဗုံးအသုံးပြု တိုက်ခိုက်လာကြရာ ယခု၂၀၂၄ ခုနှစ်တွင်မူ ခပ်စိပ်စိပ်အသုံးပြုလာသည်ကို တွေ့ရသည်။

မဇ္စျိမက လက်လှမ်းမှီသလောက် စစ်တမ်းကောက်ထားသည့် အချက်အလက်များအရ ယခုနှစ်အစောပိုင်းတွင် စစ်ကောင်စီ၏ မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရသော ဒေသများမှာ ၁၀ နေရာထက်မနည်း ရှိသည်ကို တွေ့ရသည်။

ကရင်ပြည်နယ် ကော့ကရိတ်၊ ကရင်နီပြည်နယ် လွိုင်ကော်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ မုံးကိုး၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ မဲနယ်တောင်ဒေသ၊ ရခိုင်ပြည်နယ် မြေပုံမြို့အခွဲ ကမ်းထောင်းကြီး၊ မွန်ပြည်နယ် ကျိုက်မရော၊ စစ်ကိုင်းတိုင်း ခင်ဦးနှင့် ကလေးမြို့ များတွင် ယခုနှစ် ဇန်နဝါရီမှစ၍ သုံးလအတွင်း မီးလောင်ဗုံးများဖြင့် မကြာခဏတိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်ခံရမှုများအနက် မတ်လ ၂၇ ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနှင့် ကပ်လျက်ရှိ သံကလောင်ကျေးရွာတို့တွင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းတို့မှ မီးလောင်ဗုံး၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားနေအိမ် ရာနှင့်ချီမီးလောင်ပြာကျခဲ့ရသည်။

“ကျွန်တော်တို့ ဓမ္မသရွာက ဘုန်းကြီးကျောင်းအနီး Scout(ကင်းထောက်)လုပ်နေတာ။ ဒီကောင်တွေ(စစ်ကောင်စီတပ်) တရနာရွာနားက ရေတပ်နှစ်စင်းကနေ မီးလောင်ဗုံးနဲ့လှမ်းပစ်တာ။ ခြောက်လုံးလောက်ကျပြီး ငါးမိနစ်အကြာ အိမ်တအိမ်က မီးခိုးလုံးတွေအူထွက်တာ တွေ့လိုက်ရတယ်။ အချိန်မီ သွားငြှိမ်းတာတောင် အဆင်မပြေဘူး တော်တော်လောင်နေပြီ။ အဲ့ဒီနေ့က တိုက်ပွဲမရှိဘဲပစ်တာ။ ရွာသားတွေရှိနေတာသိရက်နဲ့ တမင်ပစ်တာ”ဟု SDDF တပ်ဖွဲ့မှအရာခံဗိုလ် ကိုစစ်မင်းက မဇ္စျိမကိုပြောသည်။

အိမ်ခြေ ၉၀၀ နီးပါးရှိသည့် ဓမ္မသကျေးရွာတွင် အိမ်ခြေ ၄၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရသဖြင့် အဆိုးရွားဆုံးလုပ်ရပ်ဖြစ်သည်ဟု မြေပြင်ရှိတော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ဝေဖန်ရှုတ်ချကြသည်။

“ဓမ္မသရွာ မီးလောင်ကျွမ်းမှုမှာ မြန်မာစစ်တပ်ဘက် ရေယာဉ်တစီးက( Ordinary shell fire )လက်နက်ကြီးကျည်နဲ့ ပစ်ခတ်လောင်ကျွမ်းမှုကြောင့် မီးလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရတယ်”ဟုထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးသုတေသီ ဒေါက်တာယေရွှာမိုဇာပွန်ဆူဝန်က မဇ္စျိမကိုဖြေကြားသည်။

မီးလောင်ဗုံးများကို နိုင်ငံတကာရှိ ပဋိပက္ခတိုက်ပွဲများအတွင်း ရုရှား-ယူကရိန်း၊ အစ္စရေး-ဂါဇာ နိုင်ငံတို့တွင်ဖြစ်ပေါ်နေသော တိုက်ပွဲများတွင် အဓိကထားအသုံးပြု တိုက်ခိုက်ကြခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင်မူ စစ်ကောင်စီတပ်က ပြည်တွင်းပဋိပက္ခဖြစ်စဥ် တိုက်ပွဲအတွင်းသာမက ထိတွေ့တိုက်ပွဲမရှိသည့် ဒေသများကိုပါ ယင်းမီးလောင်ဗုံး လက်နက်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

မီးလောင်ဗုံးအမျိူးအစားများ

CDMပြုလုပ်ထားသော ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်နှင့် ကရင်နီပြည်နယ်မှ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ၏ အဆိုအရ စစ်ကောင်စီက အဓိကအသုံးပြုလာသည့် မီးလောင်ဗုံးများမှာ ပြင်းအားနှုန်းထား ကွဲပြားပြီး အမျိုးအစားများစွာ ထုတ်လုပ်နေသည်ဟု သိရသည်။

မီးလောင်ဗုံးများကို ရေတပ်နှင့် လေတပ်နှစ်မျိုးလုံးတွင် အသုံးပြုကြ၍ ဝေဟင်မှတိုက်ခိုက်မှုမှာ ပိုများသည်။

အဆိုပါမီးလောင်ဗုံး(Incendiary bomb)အား မဂ္ဂနီဆီယမ်အမှုန့်၊ ဖော့စ်ဖရပ်၊ သာမိုက်၊ ကလိုရင်း ထရိုင်ဖလော်ရိုက် စသည့် လောင်စာများဖြင့် မီးလောင်ဗုံးအမျိူးအစားများကို ပုံစံအသီးသီး ထုတ်လုပ်ထားခြင်းဖြစ်ရာ ယင်းတို့အနက် သာမိုက်နှင့် မဂ္ဂနီဆီယမ်လောင်စာများကို နေရာဒေသအများစုတွင် အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

ထပ်ဆင့်ပေါက်ကွဲစေသည့် မီးလောင်ဗုံးအမျိုးအစားမှာ ဒယ်အိုးအကြီးထဲတွင် ယမ်းအမှုန့်များကို ဓါတ်ဆီနှင့်ရောမွှေ အဆီချက်ပြီး ထိုအဆီအနှစ်များအား ဗုံးသီးခွံထဲတွင် အလုံပိတ်ထည့်ကာ ဗုံးဖျူ့စ်( စနက်တံ) တပ်ဆင်ထားရသည့်ပုံစံဖြစ်သည်။ များသောအားဖြင့် ပြင်းအားဖျက် ပေါင်- ၅၀၀ ဗုံးခွံများအတွင်း ထည့်သွင်းအသုံးပြုသည်ဟု သိရသည်။

အဆိုပါဗုံးသီးကို ကြဲချသည့်အခါ အကွာအဝေးသက်မှတ်ချက်တခု ရောက်သည်နှင့်တပြိုင်နက် လေထုအောက်ဆီဂျင်နှင့် ဓါတ်ပြု၍ လေပေါ်တင်မီးလောင်ကာ ထပ်ဆင့်မီးလောင်ပေါက်ကွဲသည့် ဗုံးအမျိူးအစားဖြစ်သည်။

“မီးလောင်ဗုံးတွေက အထဲကလောင်စာအသုံးပြုတာပုံစံ အမျိုးမျိုးရှိတယ်။ ဗုံးသီးခွံထဲက အစာပဲကွာသွားတာ။ ဗုံးခွံက တူတာများတယ်။ မီးပွားပုံစံ အသုံးပြုတာများတာကို တွေ့ရတယ်။ လေနဲ့ထိတာနဲ့လောင်တာတို့ ရေနဲ့ထိတာနဲ့ ထပေါက်တာတို့ အဲ့ဒီလိုကောင်တွေကို အဓိကကြဲတယ်။ ကြဲချလိုက်တာနဲ့ အကွာအဝေးသက်မှတ်ချက်တခုရောက်ရင် လေပေါ်တင်လောင်တာ။ အဲ့ဒီမီးပွားအစက်တွေက လူတွေပေါ်ကိုကျပြီး ထပ်ဆင့်ပွားလောင်တာ။ အပင်ထိရင်အပင်လောင်တယ်”ဟု ကရင်ပြည်နယ် ရှိလက်နက်ပစ္စည်းကျွမ်းကျင်နှင့် ဖောက်ခွဲရေးတာဝန်ခံ PDF ရဲဘော်တဦးက ရှင်းပြသည်။

အဆိုပါမီးလောင်ဗုံးကို ကြဲချလိုက်သည့်အခါ မီတာ ၁၀၀ မှ ၁၅၀ အတွင်းရှိ လူအပါအဝင် နေအိမ်၊အဆောက်အဦများ ထိခိုက်ပျက်စီးနိုင်သည်ဟုဆိုသည်။

“ရခိုင်ကုန်းစက်လှေဆိပ်ဘက်မှာ ဟိုတလောက မီးလောင်ဗုံးတွေ ကြဲချတာ တော်တော်ဝေးဝေးကနေကို လှမ်းမြင်ရတာ။ သူကလေယာဥ်ပေါ်က ကျလာကတည်းက ဗုံးတွေကမီးလောင်ပြီးသား ဖြစ်နေတာ မီးပွားတွေပုံစံ ကျလာတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြေပုံမြို့နယ် ကမ်းထောင်းကြီး ဒေသခံတဦးကပြောသည်။

စစ်ကောင်စီအသုံးပြုသည့် မီးလောင်ဗုံးများအနက် ပေါက်ကွဲနှုန်းမြင့်မားသည့်  သာမိုဘယ်ရစ်(Thermobaric)မီးလောင်ဗုံးသည် ပြင်းအားအကြီးမားဆုံး လက်နက်အမျိုးအစားဖြစ်သည်။

ယင်း သာမိုဘယ်ရစ်မီးလောင်ဗုံးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က အရပ်သားများအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းဒေသနှင့် ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေးအေဂျင်စီများ၏ အစီရင်ခံစာအရ သာမိုဘယ်ရစ် လက်နက်ကို စစ်ကောင်စီတပ်က အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ထိုအကြောင်းအရာနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)၏ အစီရင်ခံစာတွင် အသေးစိတ်အခြေအနေကိုဖော်ပြသွားမည်ဖြစ်ကြောင်း ထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးသုတေသီ ဒေါက်တာယေရွှာမိုဇာပွန်ဆူဝန်ကဖြေကြားသည်။

“မြန်မာစစ်တပ်က Thermobaric လက်နက်လို့ လူသိများတဲ့ ပေါက်ကွဲမှုပြင်းတဲ့ လက်နက်တွေ အသုံးပြုခြင်းကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒီလက်နက်တွေက မီးလောင်စေပြီး ထိခိုက်ပျက်စီးမှုက ပုံမှန်ထက်များတယ်။ ဒါတွေကို SAC-M ရဲ့ ရှေ့လာမယ့် အစီရင်ခံစာမှာ အဲ့ဒီလက်နက်အသုံးပြုမှုကိုအသေးစိတ်ဖော်ပြပါမယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ၏လေတပ်တွင် အများဆုံး အသုံးပြုတိုက်ခိုက်နေသည့် သာမိုဘယ်ရစ်(Thermobaric) လက်နက်အုပ်စုဝင် FAB ဗုံးကို ပေါက်ကွဲမှုအဆင့်မြှင့်တင်ထားပြီး FAE (Fuel Air Explosive)bomb  လေဟာနယ်ဗုံးဟုလည်း ခေါ်တွင်ကြသည်။ အဆိုပါဗုံးသည် လောင်စာနှင့်ဓာတ်ငွေ့  နှစ်မျိုးရောထားသော ထပ်ဆင့်ပေါက်ကွဲသည့် နှစ်ဆင့်ကွဲ ဗုံးအမျိုးအစားဖြစ်ကြောင်း CDM တပ်ကြပ်ကြီး ထက်နိုင်အောင်က ပြည်သူ့ပန်းတိုင်ပေ့ချ်တွင် ယမန်နှစ်က ဖော်ပြရေးသားထားသည်။

၎င်း၏အဆိုအရ ရုရှားနိုင်ငံထုတ် Yak-130 ဂျက်တိုက်လေယာဥ်တွင် အဆိုပါ FAE (Fuel Air Explosive) နှစ်ဆင့်ပေါက်ကွဲ လောင်စာဓာတ်ငွေ့ ဗုံးအမျိုးအစားမှာ ပေါင်-၁၀၀၀ ဗုံး နှစ်လုံးမှ လေးလုံးအထိ တပ်ဆင်နိုင်သည်ဟု သိရသည်။

ဗုံးအလေးချိန် အမျိုးအစားအပေါ်မူတည်၍ ပေါက်ကွဲမှုအရှိန်နှူန်းထား ကွာခြားသွားပြီး FAE ပေါင်-၁၀၀၀ ဗုံး သည် မီတာ ၄၀၀ မှ ၆၀၀ ခန့်အတွင်းရှိ ပတ်ဝန်းကျင်အတွင်း ထိခိုက်ပျက်စီးမှုရှိမည်ဟု ၎င်းကယူဆပြောကြားထားသည်။

ပထမအဆင့်တွင် လေထဲတွင်ပေါက်ကွဲကာ လောင်စာများ ပြန့်ကျဲသွားစေပြီး ပြင်ပလေနှင့် ထိတွေ့သည့်အခါ ဒုတိယအနေဖြင့် ထပ်ဆင့်ပေါက်ကွဲသွားသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ပြင်းထန်သည့်အပူနှင့် ဖိအားလှိုင်းကို ထုတ်လွှင့်စေရာလေဟာနယ်ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့် ဖိအားက လောင်စာပြန့်ကျဲသွားသည့် နေရာတဝိုက်ကို ပြင်းထန်စွာ ဖျက်ဆီးပစ်သလို အပူလှိုင်းမှလည်းပေါက်ကွဲမှုဧရိယာကို မီးလောင်ကျွမ်းသွားစေသည့်သဘောတရားဖြစ်သည်။ ပေါက်ကွဲမှု ဖိအားကြောင့်ဖြစ်စေ လောင်ကျွမ်းမှုဖြစ်စေ နှစ်ခုလုံးကြောင့် လူ့အသက်ဆုံးရှုံးစေနိုင်သည်။

ယင်း FAB-FAE Bomb သည် အဖျက်စွမ်းအား ကြီးမားသဖြင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများကလည်း ပဋိပက္ခဖြစ်စဥ်အတွင်း အသုံးမပြုရန် ကန့်ကွက်ထားသည်။

ဗုံးဒဏ်ကာကွယ်ရန်ကြိုတင်ပြင်​ဆင်နည်း

ဗုံးခိုကျင်းများအား​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခြင်း၊ လက်နက်ကြီးကျည်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုကျင်း​တည်​​ဆောက်နည်းစနစ်များအား အရပ်ဘက်အဖွဲ့အစည်းများမှလမ်းညွှန်သတိ​ပေးချက်များထုတ်ပြန်ထား​သော်လည်း ပြင်းအား​ကောင်း​သောမီး​လောင်ဗုံးဒဏ်ခံနိုင်မည့်ဗုံးခိုကျင်းပြုလုပ်ပုံကိုအထူးတလည်ရှင်းပြထုတ်ပြန်ထားသည်ကိုမ​​တွေ့ရ​သေး​ပေ။

သို့​သော် စနစ်တကျခိုင်ခံ့​အောင်တည်​ဆောက်ထားနိုင်သည့် ဗုံးခိုကျင်းများမှာ မီး​လောင်ဗုံးဒဏ်အန္တရာယ်ကို အ​ထိုက်အ​လျောက်ကာကွယ်​ပေးနိုင်​​ကြောင်း ​​မြေပြင်ကာကွယ်​ရေးတပ်ဖွဲ့မှရဲ​​ဘော်တဦးက အကြံပြုသည်။

“မီး​လောင်ဗုံးကျလာလို့ မီး​လောင်လာပြီဆို စစ်ဖြစ်ပီဆိုတာနဲ့ ရေလည်းရှားတယ်။ မီးသတ်ဆေးဘူးလည်းယူလို့ အဆင်မပြေပါဘူး။ မီးမကူးတဲ့နေရာမှာနေရင်တော့ ရပါတယ်။ ဗုံးခိုကျင်းက တောမှာကသစ်နဲ့လုပ်တာများတယ်။ အဆင့်ဆင့်လုပ်ရတာ မီးတော့ကူးနိုင်၊ မကူးနိုင်ကသေချာလုပ်ရမှာပါ။ ဗုံးခိုကျင်းအ​ပေါက်တည့်တည့်မကျရင် အဆင်ပြေတယ်”ဟု ၎င်းကဆိုသည်။

မီး​လောင်ဗုံးဒဏ်ကို အ​တော်အတင့်ကာကွယ်နိုင်​သော လုံခြုံခိုင်ခံ့သည့် ကျင်းတည်​ဆောက်ရန် ​​ယေဘုယျအားဖြင့် သဲအိတ်၊​ မြေကြီး၊ တ​ပေပတ်လည်ရှိသစ်လုံးမျောတန်း၊ သံဆူးကြိုး သို့မဟုတ် ဆိုင်ကယ်ချိန်းကြိုး၊ တာယာဘီးများလိုအပ်သည်။

စတင်ပြုလုပ်မည်ဆိုလျှင် ဝင်​ပေါက်ထွက်​ပေါက်အား​ ထောင့်ချိူးပုံစံဖြစ်ရန်လိုအပ်ပြီး ပျှမ်းမျှအကျယ် ငါး​ပေပတ်လည်နှင့်အမြင့် ​လေး​​ပေအထက်အထိကျွင်းအနက်တူးရမည်။ ထို့​နောက်သစ်လုံး​​များကိုအတန်းဖြစ်ရန် သံကြိုးသံချိတ်များဖြင့် တခုနှင့် တခုချိတ်ဆက်ထား​သော​ မျောတန်းကို ကျွင်းအပေါ်၌ ကွက်တိမိုးထားရမည်။

ပြီးလျှင်သဲအိတ်အနည်းဆုံး ၄၀ အိတ်အား အထပ်သုံးထပ်ဖြင့်မျက်နှာပြင်တ​ပြေးတည်း ညီရန်စီထားရမည်။သဲအိတ်အ​ပေါ်ရှိလေဟာနယ်အ​ပေါက်သို့ မထိုး​​ဖောက်နိုင်ရန်သဲများ​နေရာလွတ်မကျန်ဖြူးအုပ်ပြီး​​နောက်ထပ် သစ်လုံး​မျောတန်းများကိုထပ်မံအုပ်မိုးရမည်။ မျောတန်းအ​ပေါ်တွင် မြေကြီးများကို​​ဖုံးအုပ်ပြီး​ နောက်သံဆူးကြိုးဖြင့် တင်းကျပ်စွာတွဲရက်ချည်​နှောင်တုပ်ထား​သော တာယာဘီးခွံများကိုအ​ပေါ်တွင်အုပ်မိုးရမည်။

ယင်းအဆင့်များပြီးပါကတာယာဘီးခွံများမ​​ပေါ်​အောင်ဖုံးသည့်အထိ​ မြေကြီးထုအမြင့် နှစ်​ပေဖြင့် ပတ်ပတ်လည်​ ခပ်ထူထူ မြေဖို့ထားရမည် ဖြစ်သည်။

လောင်စာလက်နက်အသုံးပြုမှုကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းဆိုင်ရာ ၁၉၈၀ ကွန်ဗင်းရှင်းပရိုတိုကောအရ (Incendiary Weapons on 1980 Conventional Weapons (CCW)မီး​လောင်ဗုံးတိုက်ခိုက်မှုအသုံးပြုမှုမပြုလုပ်ရန် ​သ​ဘောတူညီမှုတွင်နိုင်ငံပေါင်း ၁၁၀ ကျော်ပါဝင်ထား​​သည်။

မီးလောင်ဗုံး ဒဏ်ခံရရင် ဘယ်တွေဖြစ်မလဲ

မီးလောင်ဗုံးဒဏ်သင့်​သောလူနာများသည် ​ဖော့စ်ဖရပ်ဓါတုပစ္စည်းမျိူးပါဝင်သဖြင့် ကုသရခက်ခဲပြီး ပုံမှန်မီး​လောင်ဒဏ်ရာထက်ပြင်းထန်သော ဒဏ်ရာများကို ဖြစ်စေ​ကြောင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်​ရေး​​လေ့လာစောင့်ကြည့်​​ရေးအဖွဲ့(HRW)ကမှတ်ချက်ပြုထားသည်။

မီး​လောင်ဗုံးပေါက်ကွဲမှု​​အနီးရှိ ဗုံးဒဏ်သင့်သူများမှာ ရိုးရိုး သာမိုက်မီး​လောင်ဗုံးအမျိူးအစားမှ မီးပွားဖြစ်​သော​ကြောင့် အချိန်မှီကုသမှုခံယူနိုင်​သော်လည်း ဓါတ်ပြုထားသည့်ဓါတုလက်နက်ဖြစ်​သော​​​ကြောင့် ခန္ဓာကိုယ်အတွင်းလှိုက်စားသွားသဖြင့်အစိတ်အပိုင်းများဖြတ်​တောက်ပစ်ရသည့်အ​ခြေအ​နေများရှိသည်။

မီး​လောင်ဗုံးအမျိူးအစား​ပေါ်မူတည်၍ ထိခိုက်သည့်ဒဏ်ရာများမှာလည်း ကုသမှုပိုင်းတွင်ကွာခြားမှုရှိသည်။

ဗုံးဆန် လောင်စာများ ခန္ဓာကိုယ်ပေါ်မှ တဆင့်ကိုယ်အင်္ဂါအတွင်း အထိပျံ့နှံ့သွားလျှင် အသက်​ဆုံးရှူံးနိုင်သည့်အ ၏ထိအန္တရာယ်များ​ကြောင်း ကာကွယ်​ရေးတပ်ဖွဲ့ဝင်​ဆေးမှူးများက ဆိုသည်။

“ဗုံးအမျိုးအစားပေါ်လည်း မူတည်သေးတယ်။ ရိုးရိုးမီးလောင်ဒဏ်ရာကုသသလိုပဲ ဒါ​ပေမဲ့ တချို့မီး​လောင်ဗုံးတွေထိရင် ​မီးလောင်ဒဏ်ရာအပြင် ပြတ်ရှဒဏ်ရာရရှိတာ​တွေ၊ အသက်သေဆုံးရတဲ့အထိဖြစ်တယ်။ ​​လောင်ထားတဲ့​နေရာကို အ​ရေးပြားလှီးထုတ်ပစ်ရတာ၊ လက်ထိရင် လက်ဖြတ်ရတယ် ။​ခြေ​ထောက်ထိရင်​ ခြေ​ထောက်ဖြတ်ရတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်း ဗိုက်တို့ လည်ပင်းတို့ ဆိုရင်​တော့​သေတာများတယ် သူကတဖြည်းဖြည်းလှိုက်စားသွားတာ”ဟု​ဒေသတွင်းကာကွယ်​ရေးတပ်ဖွဲ့မှ​​​ဆေးမှူးတဦးက​ ပြောသည်။

သာမိုက်အမျိူးအစားထက်ပြင်းသည့် သာမိုဘယ်ရစ်ပုံစံပြင်းအားဖျက်မီး​လောင်ဗုံးအမျိူးအစားမှာမူ ယင်းလက်နက်​ပေါက်ကွဲမှု၏ အစွန်အဖျားပိုင်းတွင် ရှိနေသူများမှာ နားအတွင်းပျက်စီးခြင်း၊ အဆုတ်နှင့် ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာထိခိုက်ခြင်း၊ မျက်စိကွယ်ခြင်း၊ ဦးနှောက်တစ်ရှူးများအားထိခိုက်စေပြီး စက္ကန့်အနည်းငယ်မှ မိနစ်​ပေါင်းများစွာထိ အသက်ရှူကြပ်စေခြင်းများ ဖြစ်စေနိုင်​ကြောင်း CDM တပ်ကြပ်ကြီးတဦး၏အဆိုအရသိရသည်။

ထို့​ကြောင့် မီး​လောင်ဗုံးဒဏ်သင့်သည့် လူနာများ ကုသမှုခံယူရာတွင် အသက်ဆုံးရှုံးနိုင်ချေ ရာခိုင်နှုန်းမှာ ပိုများ​နေသည်။
အဖြူရောင် ဖော့စ်ဖရပ်သည် ဓာတုအဆိပ်သင့် သေဆုံးနိုင်သောကြောင့် ၁၉၉၃ ကွန်ဗင်းရှင်းသ​ဘောတူညီချက်အရ နိုင်ငံတကာမှ အသုံးမပြုရန် ကန့်သတ်တားမြစ်ထား​ကြောင်း စတော့ဟုမ်းခ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန တက္ကသိုလ် ၏ ဓာတုဗေဒ လက်နက်ဆိုင်ရာ အကြီးတန်း သုတေသန ပညာရှင် ဂျွန်ဟပ် ကမှတ်ချက်ပြုထား​ကြောင်း နယူးယောက် တိုင်းမ် တွင်ဖော်ပြထားသည်။

အထိနာနေသဖြင့် ရှုံးမဲမဲ၍ကျီးလန့်စာစားဖြစ်နေသည့် စစ်ကောင်စီသည် အရပ်သားများတည်ရှိရာသို့ ကြည်း၊ရေ၊လေ အဖက်ဖက်မှ ပစ်ခတ်တိုက်ခိုက်နေသည်သာမက အန္တရာယ်အများဆုံးနှင့် အဆိုးရွားဆုံးဖြစ်သည့် မီးလောင်ဗုံးများကို လေကြောင်းမှ ခပ်စိပ်စိပ် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က သုံးသပ်ကြသည်။

ပဋိပက္ခဖြစ်စဥ်များနှင့် သက်ဆိုင်သည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွင် တိုက်ပွဲဝင်နေသည့် စစ်တပ်၊လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်ရေးပစ််မှတ်ကိုသာ အဓိကထားပြီး အရပ်သားပြည်သူများအား မတိုက်ခိုက်ရန် ဖော်ပြထားသည်။

ဂျီနီဗာကွန်ဗန်ရှင်း(Geneva Convention)သဘောတူညီချက် additional protocol-1 အရ စစ်ရေးပစ်မှတ် ဖြစ်လင့်ကစား အရပ်ဘက်အဆောက်အအုံများနှင့် နီးကပ်နေပါက မီးလောင်ဗုံး (Incendiary Bomb) များ အသုံးမပြုရန် တားမြစ်ထားသည်။

သို့သော်စစ်ကောင်စီတပ်သည် အရပ်သားများ၊စစ်ဘေးရှောင်စခန်းများ ရှိရာသို့ ပစ်မှတ်ထားတိုက်ခိုက်ဆဲ ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကာလတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာ အားလျော့လာခြင်း၊အင်အားချိနဲ့လာခြင်းကြောင့် စစ်ရာဇဝတ်မှုကို တရက်ထက်တရက် ပို၍ ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေသည်ကိုတွေ့ရကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ နှင့် စစ်ရေးအကဲခတ်သူများက သုံးသပ်ကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ