နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၅ နိုဝင်ဘာ၂၀၂၃) 

သူ့အတွေး၊ သူ့အမြင်) လူမျိုးစုံပြည်သူ့ဆန္ဒ နဲ့ “ဆင့်လွှဲအာဏာ” အပြောင်းအလဲ အောင်သစ်
Protesters take part in a demonstration against the military coup in Yangon on February 6, 2021. (Photo by YE AUNG THU / AFP)

အမျိုးသားညီညွတ်ရေးအစိုးရ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေ ဖြင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း မရှိဘဲ အာဆီယံအထူးသံတမန်ရုံးသို့ NUG နှင့် မဟာမိတ် များ ၏ ရပ်တည်ချက်ကိုသာ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း NUG ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်နိုင်ရေးတို့အတွက် ဘုံရည် မှန်း ချက် ပန်းတိုင်တူညီသည့် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအဖွဲ့အစည်းများနဲ့ အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မကွေးတိုင်း ၊ အောင်လံမြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ဦးခန့်ပါ အကြမ်း ဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၇ ရက်နှင့်၁၈ ရက် နှစ်ရက် ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် (ပကဖ) ထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်ထဲက အကြမ်းဖက်စစ်ကောင်စီ၏ ရွှေပန်းကုံးရွာ ရဲစခန်းကို နိုဝင် ဘာ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှူးအပါအဝင် ၁၆ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် ၁ စစ်ဒေသရုံးက ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ နိုဝင်ဘာ ၂၃ ရက်က ကျေးရွာပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးသူငယ်များကို ကယ်ဆယ်ရေး နေရာချထားရေးဆောင်ရွက်နေကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC )က ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရန်ကုန်မြို့ဈေးတနေရာတွင် ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးအင်အားစုနှင့် မဟာမိတ်ညီနောင်များစုပေါင်းကာ လူထုသပိတ်တိုက်ပွဲဖော်ဆောင်ခဲ့ပြီး ပြည်သူလူထုအနီးချဉ်း ကပ်ကာ တော်လှန်ရေးအခြေအနေအား သတင်းစကားပါးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို ယမန်နေ့ နိုဝင်ဘာ ၂၄ရက် မွန်းလွဲပိုင်းအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Kyaukse Revolution Army(KRA) တာဝန်ရှိသူကပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ တလုပ်ကျေးရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မှသိရသည်။

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွင် ပါဝင်နေသူများ နုတ်ထွက်ကြရန် KNU က သတိပေးပြီးနောက် မြို့ကနေ စွန့်ခွာသွားကြသူများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မရဲစခန်းကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသက ထုတ်ပြန်သည်။

မြင်းမူမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရန် မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများစုဖြင့် ပါဝင်ဖွဲ့စည်းထားသော နွေဦးတမာန်တော် လှန်ရေး ထောက်ပို့အဖွဲ့မှ ထိုင်းနိုင်ငံ၊မဲဆောက်‌မြို့ ပွဲဈေးတစ်ခု၌ ထောက်ပို့အတွက် ၄ ရက် ဆက်တိုက်အလှူခံခြင်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအဆင့် စစ်ဆင်ရေး (Nationwide Operation) နောက်တစ်ဆင့် တက်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ကြေညာလိုက်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတံတားပေါ်က ဆိုင်းဘုတ်တွင် ရေးသားထားသော “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” အစား “CHINLAND” ဟု ပြောင်းလဲရေးသားခဲ့သည်ဟု Hualngoram People Organization (HPO) ထံမှ သိရသည်။

မိုးဗြဲမြို့အတွင်း ပြည်သူများပြန်လည်နေထိုင်သွားလာနိုင်ရန် မိုင်းရှင်းလင်းရေးလုပ်နေစဉ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးရကြောင်း Mobye Local PDF က အသိပေး ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို- ကျောက်မဲ- သီပေါ ပြည်ထောင်စုလမ်းပိုင်း၌ ယနေ့နံနက် တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA အကြားတိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ

ဆိုင်ခန်း ၁၅၀ခန့်ရှိသော ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးသည် စစ်ကောင်စီရေတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် တစ်ဈေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်ရေး လေ့ကျင့်မှုကို စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။

အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားကတ် မရှိသေးသူများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီး အမြန်ဆုံးဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တာဝန်ရှိသူ အဆင့်ဆင့်က စနစ်တကျစိစစ်၍ ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက်မည်ဟု လဝက ဝန်ကြီးဌာနက သိရသည်။

လွိုင်ကော် တက္ကသိုလ် ဖြစ်စဉ်တွင် ဖမ်းဆီးခံရတဲ့သူ အချို့ ပြန်လည် လွတ်မြောက် လာပြီး ကန့်ကွက်၊ ရှုတ်ချခြင်းများလုပ်ခဲ့သည့်အတွက် ပြန်လည်လွတ်မြောက်လာတာဖြစ် ကြောင်းစစ်‌ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်မှာ ကျင်းပတဲ့ ကထိန်ပွဲ နစက ဥက္ကဋ္ဌ နှင့် ဇနီးတို့ တက်ရောက် လှူဒါန်းခဲ့ပြီး သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မေတ္တသုတ် ပရိတ် တရားတော်များကို နာယူကြကြောင်း ပြန်ကြားရေးက ထုတ်ပြန်သည်။

Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာန မှာ ဆေးပညာအခြေခံနှစ်သင်တန်းကို ယခုနိုဝင်ဘာလ၌ စတင်ဖွင့်လှစ်ပြီး ပထမနှစ်သင်တန်းသား ကျောင်းသားကျောင်းသူ ၃၁ဦးကို စတင်လက်ခံသင်ကြားပေးနေကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၅ သုံးသပ်ချက်

စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဆိုသူသည် ဖြစ်ရပ်များနှင့် ဆန့်ကျင် ဘက်များကိုသာ ၎င်းတာဝန်ယူခဲ့သည့် ကာလပတ်လုံးပြောဆိုလာသလို ယခုလည်း လွိုင်ကော် တက္ကသိုလ် ဖြစ်စဉ်တွင်လည်း သူတို့ ကန့်ကွတ်ရှုတ်ချ၍ လွှတ်ပေးသယောင်ယောင် ပြောဆိုနေပြီး နောက်ထပ်ဝန်ထမ်းများ လွတ်လာအောင်လည်း ကြိုးစားနေသည်ဟု အရှက်မရှိ လိမ်လည် ပြောဆိုနေသည်။

တော်လှန်ရေးနောက်တဆင့်တက်တော့မည်ဟု တော်လှန်ရေးအင်အားစုများက တရားဝင်ကြေညာလိုက် သည့်အတွက် လာမည့်ရက်များအတွင်း စစ်ကောင်စီ၏ စခန်းများနှင့် ထိန်းချုပ်ရာ မြို့များကို အကြီးအကျယ်တိုက်ခိုက်လာဖွယ်ရှိနေသည်။