စစ်ကောင်စီ၏ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများတွင် လူဦးရေ အများဆုံး ဖြစ်ရပ်

2023 Year In Review

ဂျူချန်း(မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနောက် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရက်များအနက် ယခု ၂၀၂၃ ခုနှစ်အတွင်းဖြစ်ခဲ့သည့်  စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ဖြစ်ပွားခဲ့သည့် ပဇီကြီးဖြစ်ရပ်မှာ သေဆုံးသူ ဦးရေ အများဆုံးဖြစ်ခဲ့သည်။ ထိုအကျည်းတန် ဖြစ်ရပ်သည် ဧပြီလ ၁၁ ရက် မနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  ထိုနေ့က ပဇီကြီးရွာ၏ ရွာအစွန်တွင် ပြုလုပ်သည့် ရွာအုပ်ချုပ်ရေးရုံးသစ်တက်ပွဲအထိမ်းအမှတ်အလှူပြုလုပ်နေ၍ လူစည်ကားနေခဲ့သည်။ ထိုအလှူပွဲကို စစ်ကောင်စီလေတပ်က ၎င်းတို့၏ ဘက်တော်သား သတင်းပေးမှုကြောင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ    ခြောက်လသားအရွယ်အပါအဝင် ကလေးငယ်များ၊ ပဇီကြီးရွာခံများနှင့် အနီးရွာများမှ အလှူပွဲလာရောက်သူများ စုစုပေါင်း ၁၆၈ ယောက် အသက်ဆုံးရှုံးခဲ့ရသည်။

ယင်းအထဲမှ ၁၃၈ ယောက်သည် ပဇီကြီးရွာသူ၊ရွာသားများဖြစ်သည်။  ဖြစ်ရပ်အပြီး နှစ်ရက်အကြာ ဧပြီလ ၁၃ ရက် မနက်ပိုင်းတွင် လူပေါင်း ၁၃၀ ဝန်းကျင်ကို သင်္ဂြိုဟ်ခဲ့ရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ရှင်းလင်း၍ပင် မပြီးသေးပေ။

ပဇီကြီးရွာသည် အတန်သင့် စည်ကားသောရွာဖြစ်ခဲ့ပြီး ကန့်ဘလူမြို့နယ်၏  ဇီးကုန်းတိုက်နယ်နှင့် မလည်တိုက်နယ်ကို ဆက်သွယ်ထားသည့် ကတ္တရာလမ်းမကြီးသည်  ရွာကို ဖြတ်သန်းသွား၍ လက်ဖက်ရည်ဆိုင်လေးများဖြင့် ထိုက်သင့်သလောက် စည်ကားသည်။

ရွာတွင်  အိမ်ခြေ၂၃၃ လုံးရှိပြီး လူဦးရေ ၁,၀၀၀ ကျော် နေထိုင်ကြသည်။  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ရွာလူဦးရေ၏ ခြောက် ပုံ တပုံခန့် ကို သေဆုံးသွားစေခဲ့ပြီးနောက် လက်ရှိတွင် ပဇီကြီးရွာသည် ရွာပျက်ကြီးဖြစ်နေပြီ ဖြစ်သည်။ ထိုဖြစ်ရပ်သည် ပဇီကြီးရွာ၏ အိမ်တိုင်းနီးပါးတွင် နာရေးရှိစေခဲ့သည်။

“ပဇီကြီးကတော့ အကုန်လုံးက မရှိကြတော့ဘူး” ဟု ဒေသခံ ကိုကျော်နိုင်(အမည်လွှဲ)က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအပြီး ကျန်ရှိခဲ့သည့်  ရွာသူ၊ ရွာသားများသည်  နီးစပ်ရာ ဆွေမျိုးများထံ  ပြောင်းရွှေ့နေထိုင်ကြပြီး အချို့က ရွာအနီးရှိ တောထဲတွင် တဲထိုးနေထိုင်ကြသည်။  လက်ရှိတွင် မည်သည့် ရွာသူ၊ရွာသားကမျှ ထိုအဖြစ်အပျက်ကို ရင်ဆိုင်ပြီး ရွာတွင်ပြန်လည်နေထိုင်ဝံ့သူ မရှိသေးဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျန်ရစ်သူ များသည် ဆုံးပါးသွားသူများအတွက် လစဥ် ကုသိုလ်ပြုကြသော်လည်း ထိုလေကြောင်းတိုက်ခိုက်မှုမှ ရရှိသည့် စိတ်ဒဏ်ရာကြောင့် အလှူဆိုကာ လူစုလူဝေး မလုပ်ရဲကြသေးပေ။
လူကြီးများတွင် သာမက ကလေးများတွင်လည်း စိတ်ဒဏ်ရာ ကြီးကြီးမားမားရှိနေကြကြောင်း ကိုကျော်နိုင်က ပြောသည်။

“ရဟတ်ယာဉ်သံကြားရင်ကို လူတွေက ပျာယာခတ်နေတာ။ ကလေးတွေက ပိုဆိုးတယ်” ဟု ကိုမင်းက ဆိုသည်။

စစ်ကောင်စီက  ပဇီကြီးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ရုံးဖွင့်မည်ဆိုသော် သတင်းကြောင့် ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရာမှ ပဇီကြီးရွာရှိ လက်နက်တိုက်ပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံးရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

ပဇီကြီးရွာသားများနှင့် အနီးရွာများရှိ ဒေသခံများက မည်သည့်လက်နက်တိုက်မျှမရှိဟု အခိုင်အမာ ငြင်းဆိုသည်။ သေဆုံးသူများတွင် ပြည်သူ့လုံခြုံရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၆ ဦးသာ ပါဝင်ပြီး  ကျန်သေဆုံးသူများသည်သာမာန်အရပ်သားပြည်သူတွေသာ ဖြစ်ကြောင်း NUG ကထုတ်ပြန်ထားသည်။  

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုတွင် အသက်ငါးနှစ်အောက်ကလေးငယ်ခြောက်ဦး၊ အသက် ငါးနှစ်-၁၄နှစ်ကြား ၁၉ဦး၊ အသက်၁၄နှစ်-၁၈နှစ်ကြား ငါးဦး၊ အသက်ခွဲခြားမရသည့် ကလေး ၁၀ဦးစုစုပေါင်းအသက်၁၈နှစ် အောက်ကလေး၄၀ဦးသေဆုံးကြောင်းNUG အစိုးရကထုတ်ပြန်သည်။ အသက်၁၈နှစ်အထက်၁၂၈ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည်  Yak-130 တိုက်လေယာဉ်ပေါ်မှ  ပြည်တွင်းထုတ် ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲချခဲ့ပြီး Mi-35 ရဟတ်ယာဥ်ပေါ်မှ S5 Rocket နှင့်  ၃၀ မီလီမီတာ စက်အမြောက်များ ၊ A5 တိုက်လေယာဥ်ပေါ်မှ  ၂၃ မီလီမီတာ စက်အမြောက်များနှင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း NUG ၏ လက်နက်ကျွမ်းကျင်သူ ကိုမင်းမင်းက ပဇီကြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီ၏  အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်များတွင် လူပေါင်း ၅၀၂ ယောက် သေဆုံးခဲ့ပြီး ထိုအထဲတွင်  ပဇီကြီးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၈ ရှိခဲ့သည့် ဖြစ်ရပ်သည် အကြီးကျယ်ဆုံးသော လူသေဆုံးမှု အဖြစ် မှတ်တမ်းသည်။

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချကာ  ဝမ်းနည်းကြောင်းသဝဏ်လွှာများ  အသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း ထို စစ်ရာဇဝတ်မှုမြောက်တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်သူများကို လက်ရှိအချိန်အထိ မည်သည့် တရားရုံးတွင်မှ စီရင်နိုင်ခြင်းမရှိသေး၍ ကျန်ရစ်သူ မိသားစုများအတွက် တရားမျှတမှုနှင့် လက်ရှိတွင် ဝေးကွာနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး