နိုင်ငံခြားသားများ လိုက်နာရမည့်အချက်များ မလေးရှား ထပ်ထုတ်ပြန်

ဓာတ်ပုံ – မလေးရှားနိုင်ငံမှ လုပ်ငန်းခွင်တခု

မဇ္ဈိမ။ ။မလေးရှားနိုင်ငံကိုလာရောက်မည့် နိုင်ငံခြားသားများ ဒီဇင်ဘာ(၁)ရက်နေ့မှစတင်ပြီး လိုက်နာရမည့်အချက်အလက်အသစ်အချို့ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်လိုက်သည်။

မလေးရှားနိုင်ငံအတွင်းသို့မဝင်ရောက်မီ သုံးရက်အလိုတွင် Online (အွန်လိုင်း)မှနေ၍ Malaysia Digital Arrival Card (MDAC) ကို ဖြည့်တင်းရ မည်ဖြစ်ပြီး ပတ်စပို့စာအုပ်သက်တမ်းမှာလည်းအနည်းဆုံး ခြောက်လကျန်ရမည်ဟုသတ်မှတ်ထားရှိသည်။

‘’ဒီစည်းမျဉ်းအသစ်က မြန်မာတွေအတွက်တော့ နည်းနည်းလေးပိုကျပ်သွားမယ်ထင်တယ်။အများစုက ဒီကိုလာကြတာအလုပ်လုပ်တဲ့သူတွေက Email သိပ်မသုံးတက်ကြဘူး။ အခုက Email အကောင့်တခုတော့ မရှိမဖြစ်လိုအပ်တယ်။ ဖောင်ဖြည့်ရင်လည်း မလေးရှားကိုလာခါနီး သုံးရက်အလိုမှပဲ ဖြည့်ခွင့်ရှိတယ်။ ကြိုလည်းဖြည့်လို့ မရဘူး။ အလုပ်တွေပိုသွားတာပေါ့ ‘’ဟုမလေးရှားတွင် အခြေချနေထိုင်သူတဦးကဆိုသည်။

လက်ရှိတွင်မလေးရှားရင်းဂစ် တကျပ်လျှင် မြန်မာငွေ ၇၅၀ ခန့် ပေါက်ဈေးရှိနေပြီး တရက် လုပ်ခ ၆၀ရင်းဂစ်(၄၅,၀၀၀ကျပ်ခန့်) မလေးရှားအစိုးရက သတ်မှတ်ထားသည်။ထို့ကြောင့် တလ ရင်းဂစ် ၁၈၀၀နီးပါး( မြန်မာငွေ ၁၃သိန်းခန့်)ရရှိကြပြီး အိုဗာစတေး(ပတ်စပို့)စာအုပ်မရှိဘဲ တရားမဝင်လုပ်ကိုင်သူများမှာ တလ ရင်းဂစ်၂,၀၀၀နီးပါး( ၁၅သိန်းခန့်)ရရှိကြသည်ဟုသိရသည်။ တရားမဝင်လုပ်ကိုင်နေရသူများသည် အလုပ်သမားအခွင့်အရေး မရရှိသလို အလုပ်ရှင်ဘက်မှလည်း တာဝန်ခံရန် မလိုအပ်၍ လခ အနည်းငယ် ပိုများခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှုများကြောင့် ပြည်ပထွက်ခွာသူအများအပြားရှိနေသည်။မလေးရှားနိုင်ငံသို့တရားမဝင်လမ်းကြောင်းမှဝင်ရောက်သူများသည် ရင်းဂစ် ၅,၅၀၀ (မြန်မာငွေ ၄၁သိန်းခန့်) ကုန်ကျပြီး အချို့မှာ အလည်ဗီဇာဖြင့်ဝင်ရောက်လာပြီးမှ အလုပ်ရှာသူများလည်းရှိနေကြောင်းသိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးသိန်းကျော်ရှိနေပြီး ၂၅၀,၀၀၀ ခန့်မှာ အထောက်အထားမဲ့ အလုပ်သမားများ ဖြစ်ကြသည်ဟု မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသူများကပြောသည်။

စာတည်း – အေးချမ်း