ရွေးကောက်ပွဲရလဒ်ကို လေးစားရန် တရုတ်အာဏာပိုင်များကို ထိုင်ဝမ်တိုက်တွန်း

The Star:

တရုတ်နေဖြင့် အမှန်တရားကို ရင်ဆိုင်ရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ထိုင်ဝမ်က ဇန်နဝါရီ ၁၄ ရက် တွင် ပြောကြားလိုက်သည်။ ထိုင်ဝမ်မဲပေးသူများသည် တရုတ်၏ သတိပေးချက်များကို အာခံ၍ လွတ်လပ်ရေး လိုလားသည့် လိုင်ချင်-တဲကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

လိုင်ကို မဲမပေးရန် တရုတ်၏ အဆက်မပြတ်တိုက်တွန်းမှုများကို မဲပေးသူများက ပယ်ချခဲ့သောကြောင့် အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် တရုတ်ကွန်မြူနစ်ပါတီက ယူဆထားသော လိုင်သည် ရွေးကောက်ပွဲတွင် သက်သောင့်သက်သာ အနိုင်ရရှိသွားခဲ့သည်။

လိုင်ချင်-တဲအနိုင်ရရှိမှုသည် ရှောင်လွှဲမရသော တရုတ်၏ ပြန်လည်ပေါင်းစည်းရေးလမ်းကြောင်းကို ပြောင်းလဲစေမည်မဟုတ်ကြောင်း တရုတ်က တုံ့ပြန်ပြောကြားခဲ့သည်။ ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေ အဖြစ် တရုတ်က တောင်းဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်တွင်ထားရှိရန် အင်အားသုံးမည့်နည်းကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်း မရှိပေ။

ထိုင်ဝမ်အား တရုတ်၏ ကျူးကျော်မှုမှ ကာကွယ်သွားမည်ဖြစ်ကြောင်း အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ(DPP)မှ လိုင်က ကတိပြုခဲ့ပြီး တရုတ်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အပြုသဘောဆောင်သည့် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးကို လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိစေရန် တရုတ်အာဏာပိုင်များအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ အမှန်တရားကို ရင်ဆိုင်ရန်နှင့် ထိုင်ဝမ်အား ဖိနှိပ်ခြင်းကို စွန့်လွှတ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တရုတ်၏ သံတမန်ရေးဖိအားများနှင့် တရုတ်တိုက်လေယာဉ်များဖြင့် နေ့စဉ်နီးပါး ခြိမ်းခြောက်မှုများကြားမှ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ရပြီးနောက် လိုင်သည် ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သော ကူမင်တန်(KMT) ပါတီမှ ဟောက်ယူ-အီကို မဲအရေအတွက် ၉၀၀,၀၀၀ ကျော်အသာဖြင့် ဇန်နဝါရီ ၁၃ ရက်တွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးရန်ကြိုးပမ်းသည့် ပြည်ပဖိအားများကို လိုက်နာရန် ငြင်းဆန်ခဲ့သည့် မဲပေးသူများအတွက် ဂုဏ်ယူကြောင်း အသက် ၆၄ နှစ်အရွယ် လိုင်က ၎င်း၏ ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း၊ သို့သော် တရုတ်၏ ကျူးကျော်ရန်စမှုများကို လက်သင့်ခံမည် မဟုတ်ကြောင်း လိုင်က ကတိပြုပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်၏ တရစပ်ခြိမ်းခြောက်မှုများနှင့် ထိပါးမှုများမှ ကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း လိုင်က ၎င်းအားထောက်ခံသူများကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲနေ့၌ ထိုင်ဝမ်အနီးတွင် တရုတ်ရေတပ်သင်္ဘော လေးစီးကိုတွေ့ရှိခဲ့ပြီး အမြင့်ပျံ မိုးပျံပူဖောင်း တလုံးလည်း ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

ထိုင်ဝမ်မဲပေးသူများအနေဖြင့် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ရန်နှင့် လိုင်သည် ထိုင်ဝမ်ကို စစ်ပွဲအတွင်းသို့ ဆွဲခေါ်သွားနိုင်ကြောင်း ရွေးကောက်ပွဲမတိုင်မီရက်များတွင် တရုတ်က သတိပေးခဲ့သည်။ 

လိုင်ချင်-တဲသည် မေ ၂၀ ရက်တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်သည်။ ၇၂ ရာခိုင်နှုန်းရှိသော မဲပေးသူများသည် တက်တက်ကြွကြွ မဲပေးခဲ့ကြပြီး တရုတ်အနေဖြင့် ကိုယ့်နိုင်ငံအရေးသာ ကိုယ်ဆောင်ရွက်သင့်ကြောင်း မဲပေးခဲ့သူတစ်ဦးဖြစ်သည့် ဆိုင်ဂျင်-ဟွေက ပြောကြားခဲ့သည်။ တနေ့နေ့တွင် ကမ္ဘာကြီးက ထိုင်ဝမ်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအဖြစ် အသိအမှတ်ပြုမည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေးကို လက်ရှိသမ္မတ ဆိုင်အင်-ဝမ်လက်ထက် ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး လိုင်၏ လက်ထပ်တွင်လည်း သဘောထားပြောင်းနိုင်ခြေမရှိဘဲ တရုတ်နှင့်ထိုင်ဝမ်ကြား ဆက်ဆံရေးသည် နောက်ထပ် လေးနှစ်တာ အေးစက်ဦးမည့် အခြေအနေရှိသည်။