တမူးမြို့နယ် ထန်းတပင်ကျေးရွာက လူနေအိမ်များကို စစ်ကောင်စီတပ်မီးရှို့ ဖျက်ဆီး

ပုံအညွှန်း-ထန်းတပင်ရွာမီးလောင်ကျွမ်းနေစဥ်/ဓါတ်ပုံ – Kabaw Balley

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊တမူးမြို့နယ် ၊ ထန်းတပင်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်‌နေသည်ဟု ဒေသခံထံက သိရသည်။

ပျူစောထီးအဖွဲ့ဝင်ဆိုသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ခန့်သည် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နှင့် ယနေ့ ဒီဇင်ဘာလ ၄ ရက်တို့တွင် ရွာအား မီးရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဟိုအရင်ရက်က အဲဒီရွာမှာ ပျူစောထီးခေါင်းဆောင် ကြံ့ဖွတ်အမတ်နဲ့ နောက်လိုက်တွေကို ကာကွယ်ရေးအဖွဲ့က ဖမ်းထားတာရှိတယ် ။ အဲဒါအတွက် လက်စားချေတဲ့ အနေနဲ့ အခုလို ပြန်ရှို့တာဖြစ်နိုင်တယ်” ဟု တမူးမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ ဝင်တဦးက မဇ္စျိမကိုပြောသည်။

နိုဝင်ဘာလ ၂၁ရက်နေ့ ထန်းတပင်ရွာတိုက်ပွဲတွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဦးမြင့်အောင် အပါအဝင် လေးဦးကို တမူးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့တုန့်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး‌ဆိုသူများ ယနေ့အချိန်ထိ တပ်စွဲထားပြီး ရွာအနီးသို့ ပြန်မကပ်နိုင်သေးသဖြင့် မီးလောင်ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို အတိအကျ မသိရသော်လည်း အိမ်ခြေ ၃၀၀ခန့် လောင်းကျွမ်းခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။

ထန်းတပင်ရွာသည် အိမ်ခြေ ၅၀၀နီးပါးရှိပြီး လူဦးရေ ၂,၀၀၀ကျော်ခန့်ရှိသော ရွာဖြစ်သည်ဟုလည်း ဆိုသည်။

ယမန်နေ့က တိမ်းရှောင်ခြင်းမပြုနိုင်သော ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့က ဓါးစားခံများအဖြစ် လေးမိုင်ဂိတ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီးငယ် နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ထန်းတပင်ရွာမှ ဒေသခံများသည် တမူးမြို့အတွင်းရှိ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် ရွာအနောက်ဖက်ရှိ အိန္ဒိယနယ်စပ် ကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်တော်ဝင်စစ်ဆင်ရေး” အမည်ဖြင့် တမူးမြို့နယ် ပန်းသာရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NLA) ၊ Fighter Police CDM နှင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄) တို့က နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ပြီး ယနေ့တိုင် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။

တမူးမြို့နယ်အတွင်းရှိ ဝိတုတ် ၊ခါမ်းပါတ် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး