​စစ်မှုထမ်းမည့်သူများ​ကို တအိမ် ကျပ် ၂၀၀,၀၀၀ ပေး​ရန် ကျောင်းထိုင်ဘုန်းကြီးက စီစဥ်​

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားမှ စစ်ကောင်စီတပ်သားများ/(ဓာတ်ပုံ- စစ်ကောင်စီ )

ဓါတု

(မဇ္ဈိမ)။ ။ မန္တ​လေးတိုင်း၊ သာစည်မြို့နယ် ဘူးရုံ​ကျေးရွာတွင် စစ်မှုထမ်းမည့်သူများအတွက် ထောက်ပံ့​ကြေး​ကို တအိမ်လျှင် ကျပ် ၂၀၀,၀၀၀ ပေး​ဆောင်ရန် ကျောင်းထိုင်ဘုန်းကြီးမှ ဦး​ဆောင်စီစဥ်​နေ​ကြောင်း ရွာခံများထံသိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်က စစ်မှုထမ်းမည့်စာရင်းတွင် ပါဝင်သူများကို ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးမှတဆင့် ဆင့်​ခေါ်ခိုင်းရာ ယင်းအုပ်ချုပ်​ရေးမှူးဖြစ်သူ ဦး​ဇော်လင်းမှာ ထွက်​ပြေးတိမ်း​ရှောင်နေသဖြင့် အဆိုပါ​ကျေးရွာရှိ​ ရေလည်ဘုန်းကြီး​ကျောင်းမှ​ ကျောင်းထိုင်ဘုန်းကြီးက စီစဥ်​နေခြင်းဖြစ်​ကြောင်း ရွာခံတဦးက မဇ္စျိမကို​ပြောသည်။

“မြို့နယ်စစ်မှုထမ်းဆင့်​ခေါ်​ရေးအဖွဲ့က အထက်က စာကျတယ်ဆိုပြီး ​ကျေးရွာအုပ်ချုပ်​ရေးမှုးကို လုပ်ခိုင်းတာ သူက​မလုပ်ချင်​တော့ ထွက်​​ပြေးသွားတယ်။ အဲ့ဒါကို မဘသ​ကျောင်းထိုင်ဘုန်းကြီးက ဆင့်​​ခေါ်ပြီးအစည်း​ဝေးလုပ်​ပေးတာ ​​ငွေ​ကောက်ဖို့​​ပြောတာ​ရော ​စစ်မှုထမ်းကိစ္စအတွက် ကျေးရွာအစည်း​ဝေးလုပ်လို့မလာရင်လည်း မြို့နယ်ထွေအုပ်ရုံးနဲ့ ခေါ်ခိုင်းမယ်ဆိုပြီး အဲ့ဒီဘုန်းကြီးက ခြိမ်း​ခြောက်တယ်”ဟု ၎င်းက​ ပြောသည်။

​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးသည် ရွာမှထွက်ခွာ တိမ်း​ရှောင်သွားသဖြင့် လတ်တ​လောတွင် ရေလည်​ကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးမှာ ​အရှင်နန္ဒသီရိဖြစ်ပြီး စစ်​ကောင်စီလက်​အောက်ခံ ​ကျေးရွာအခွဲ အုပ်ချုပ်​ရေးမှူးဖြစ်သူ ဦးမြင့်ခင်နှင့် ရာအိမ်မှူး ဦး​မောင်လွင်တို့နှင့်အတူ ပူး​ပေါင်းစီစဥ်ခြင်းဖြစ်​ကြောင်း သိရသည်။

“အခု ရွာထဲစာရင်းပါတဲ့က​လေး​တွေ ၁၄ ​​​ယောက်ပါတယ်။ အခုစစ်မှုထမ်းမယ့်သူ​တွေကို​​ ထောက်ပံ့​​ကြေး​ပေးမယ့်ကိစ္စ​တွေ​ပြောဖို့ အစည်း​ဝေး​ခေါ်ဖို့ လာခိုင်းတာ​ ကျေးရွာကမလာကြလို့ မြို့နယ်အဖွဲ့ကို ဒီကိစ္စ​တွေလုပ်ခိုင်းမယ်ဆိုပြီး​ပြောတာ”ဟု ဘူးရုံ​ကျေးရွာခံတဦးက​ပြောသည်။

ယင်းဘူးရုံ​ကျေးရွာမှာ သာစည်မြို့မှ ​ခြောက်မိုင်အကွာတွင်ရှိပြီး အိမ်​ခြေ ၁၅၀ ဝန်းကျင်​နေထိုင်​ကြောင်း သိရသည်။

ထိုကဲ့သို့​ ငွေညှစ်​တောင်းရန်စီစဥ်​နေခြင်းအပြင် စစ်မှုထမ်းရန်ဆင့်​ခေါ်​နေခြင်း​ကြောင့် ​​ဒေသခံများမှာ စိုးရိမ်ထိတ်လန့်​နေရကြောင်း​ သိရသည်။

စစ်ကောင်စီအ​နေဖြင့် စစ်မှုမထမ်း မ​နေရဥပ‌ဒေအရ အပတ်စဥ်များအတွက် ဆင့်​ခေါ်ခြင်းကို လာမည့် ဧပြီလ သင်္ကြန်ကာလအပြီးမှသာ အကောင်အထည်ဖော်​ဆောင်ဟု​ ကြေညာထား​သော်လည်း လက်ရှိတွင် အတင်းအကျပ်​ခေါ်​ဆောင်၍ စစ်သင်တန်းပေးခြင်းများ လုပ်​ဆောင်​လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)