မိကျောင်းမုန်တိုင်း အရှိန်ကြောင့် မိုးနှင့် လေပြင်း သတိပေး

ပုံအညွှန်း – ရန်ကုန်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြား လှုပ်ရှားသွားလာနေသည့် ပြည်သူတဦး။ (ပုံ-အဟောင်း)

ရောင်နီ(မဇ္စျိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” အရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးရွာပြီးလေပြင်းလည်းတိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း“မိကျောင်း”ဟု မိုးဇလက ထုတ်ပြန်ထားသည်။

မိုးဇလ၏ ယနေ့ နံနက် ၇ နာရီအချိန် တိုင်းထွာချက်အရ အဆိုပါ မုန်တိုင်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းသည်။ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

ဒီဇင်ဘာလ ပထမ၁၀ရက်အတွက် မိုးလေဝသခန့်မှန်းချက်တွင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးရွာနိုင်ကြောင်း ဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM) က ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံကမ်းခြေကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဆင့်သို့ အားလျော့သွားနိုင်ကြောင်း ထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဥ်သည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိသော်လည်း မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် နေရာကွက်ကျားမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာလ ၅ရက်နောက်ပိုင်းမှ စတင်ကာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အအေးပိုလာပြီး မြူထူများ ကျဆင်းနိုင်ကြောင်း MOHADM ကထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း