မုံရွာမြို့နယ်တွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF (Monywa) က ဒီဇင်ဘာလ ၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

တောပုရွာမှ ပျူစောထီးများသည် ၎င်းရွာအနီးတွင် ကင်းပုန်းဝပ်နေကြစဥ် ဒီဇင်ဘာလ ၄ရက်ည ၇နာရီ ၃၀မိနစ် ခန့်တွင် နေရာသုံးနေရာမှ တာဝေးပစ် လက်လုပ် ၈၀မမ ငါးလုံး ၊ ၆၀မမ ၁၀လုံးတို့ဖြင့် တနာရီကြာပစ်ခတ်ခဲ့ ကြခြင်းဖြစ်သည်။

“ညပိုင်းအချိန်ဖြစ်တာရယ် ကျနော်တို့ပစ်တဲ့လက်လုပ်လက်နက်ကြီးတွေက အဝေး ကပစ်တာဆိုတော့ ထိခိုက်မှုရှိမရှိမသိရဘူးဗျ။ ဒါပေမဲ့ သူတို့ဖက်က ၆၀မမတွေနဲ့ ပြန်ပစ်တော့ သူတို့နေရာမှကျပြီးပေါက်တယ်ဆိုတာသိရတယ်” ဟု Area 71 PDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးများ သေဆုံးဒဏ်ရာရရှိမှုကို မသိရှိရကြောင်းနှင့် ၎င်းတို့ဘက်မှ ၆၀မမများဖြင့်ပြန်လည်ပစ်ခတ်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်းသိရသည်။

၎င်းရွာမှ ပျူစောထီးများသည် အနီးနား ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး ရွှေ‌၊‌ေငွ နဲ့ ရိက္ခာများကို ယူဆောင်ကာ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်လေ့ရှိသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့ ၊ မုံရွာခရိုင်အမှတ်(၂၇) တပ်ရင်း တပ်ခွဲ(၁) Black Dragon ၊ မုံရွာခရိုင်အမှတ် (၂၇)တပ်ရင်း တပ်ခွဲ(၃) သိန်းငှက်တပ်ခွဲ ၊ Black Hero Local PDF နှင့် Youth Vigor Revlution Force ညီနောင်မဟာမိတ် များက ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂ရက်နေ့က တောပုကျေးရွာမှ ပျူစောထီးများနှင့် စွမ်းရည်ထက်ဆီဆိုင် တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ဦးရေ၃၀ခန့်ပူးပေါင်း၍ ကြာပိုင်ကျေးရွာနေ ပြည်သူ ၁၀ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး လူနေအိမ် အလုံး ၂၀၀ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး