ကော့ကရိတ်မြို့နယ်တွင် စကစတပ်က ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လမ်းဘေးစွန့်ပစ်

သတ်ဖြတ်ခံရသူ နိုင်စိုက်ဂျီ

ဂျူချန်း

(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနှင့် ကော့ပလိုင်းကျေးရွာမှ ဒေသခံသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လမ်းဘေးစွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အရပ်သားသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

အသတ်ခံရသူ သုံးဦးအနက် ကော့ပလိုင်း ကျေးရွာခံ မင်းအောင်ချမ်း (အသက် ၂၀ ကျော်အရွယ်) ၏ ရုပ်အလောင်းကို ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများအပြင် လက်နောက်ပြန်ကြိုးတုပ်ထားသည့် အနေအထားဖြင့် ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“မင်းအောင်ချမ်းရဲ့ အလောင်းက ချောင်းဘေးမှာတွေ့ရတယ်။ ကော့ပလိုင်းချောင်းမှာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းပိုက် ဖျက်ဆီးခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစစ်ကြောင်းသည် ကော့ပလိုင်းကျေးရွာသို့ အရောက်တွင် စစ်ကြောင်းနှင့် တည့်တည့်တိုးသော မင်းအောင်ချမ်းကို စကစတပ်ဖွဲ့ဝင်များက ဖမ်စစ်ဆေးပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသူ မင်းအောင်ချမ်း

“(မွန်ပြည်သစ်ပါတီ စစ်အာရှင်တိုက်ဖျက်ရေး) AD ကို သတင်းပေးနေ တယ်ဆိုပြီးတော့ ဖမ်းသွားတာ။ အပြစ်မရှိအပြစ်ရှာပြီး သတ်တာ” ဟု နောက်ထပ် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ကျန်သတ်ဖြတ်ခံရသူ နှစ်ဦးမှာ လူလတ်ပိုင်း အမျိုးသားများ ဖြစ်ကြပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကော့ပလိုင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် ကော့ဘိန်းကျေးရွာ၌ ယမန်နေ့ (ဧပြီလ ၂၈ ရက်) နေ့တွင်ဒေသခံများက တွေ့ရှိခဲ့သည်။

သတ်ဖြတ်ခံရသူ နှစ်ဦးအနက် နိုင်စိုက်ဂျီ (အသက် ၃၈ နှစ်) ဖြစ်ပြီး ကျန်အမျိုးသားတဦး၏ ရုပ်အလောင်းမှာ ပျက်စီးနေပြီဖြစ်၍ ကိုယ်ရေး အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ဒေသခံများက ပြောသည်။

နိုင်စိုက်ဂျီသည် ကော့ဘိန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာ သည့် ဧပြီ ၂၅ ရက်နေ့တွင် ၎င်း၏ ဇနီးနှင့်သားသမီးများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပြီးနောက် ကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လိုအပ်သည့်ပစ္စည်းများ ပြန်လည်ယူဆောင်ရန် ပြန်လာစဉ် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဟု ဒေသခံများက ပြောသည်။

“ဆိုင်ကယ်ကိုလည်း စစ်ကောင်စီက ယူသွားပြီး ပစ်သတ်သွားတာ။ သူတို့(စစ်ကောင်စီ) ဝင်လာတဲ့နေ့ကလည်း ကောင်မလေးတယောက်ကို ပစ်သတ်သွားသေးတယ်။ တော်တော်စိတ်နာဖို့ကောင်းတယ်” ဟု အခြားဒေသခံအမျိုးသားတဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် အရပ်သားစုစုပေါင်း လေးဦး ရှိနေပြီး မိသားစုနှင့် အဆက်သွယ်ပြတ်ကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် ယင်းစစ်ကြောင်းသည် ကော့ဘိန်းနယ်မြေရဲစခန်း နှင့် ကော့ဘိန်း၊ ကော့မိ၊ ကော့ပေါက် စသည့် ကျေးရွာများတွင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

“သူတို့ တပ်ချထားတုန်းပဲ။ အခုက လူတွေ့လို့ကို မရဘူး ပစ်သတ်နေတာ။ လမ်းမှာတွေ့သမျှလူ ဖမ်းတယ်။ ရွာထဲတော့ လူပြန်မနေကြသေးဘူး” ဟု ကော့မိဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ကော့ဘိန်း နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား ၂၃ ဦး အလံဖြူထောင်လက်နက်ချသဖြင့် စခန်းကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ထို့နောက် တလခန့်အကြာ ဧပြီ ၂၅ ရက်နေ့တွင် စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ပြန်လည်စစ်ကြောင်းထိုးလာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ Lion Battalion စစ်ကြောင်းက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်