မြဝတီမြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

သွင်ထူးဈာန် (ကော်သူးလေ)(မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ ဦးအောင်ဇေယျလမ်းထောင့်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းသည် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း မြဝတီရဲစခန်းနှင့် နီးစပ်သူတဦးနှင့် မြို့ခံများထံမှ သိရသည်။

မြဝတီခရိုင်ရဲရုံးနှင့် ရဲစခန်းတို့ ဗုံးသီးတလုံးစီဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မြဝတီခရိုင်ရဲရုံး၌ ကျရောက်သော ဗုံးသီးမှာ ပေါက်ကွဲမှု မရှိသော်လည်း ရဲစခန်းအတွင်းကျရောက်သော ဗုံးသီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။

“ခရိုင်ရုံးတလုံးကျ မကွဲပါ၊ နောက်တလုံးက ခရိုင်(ရုံး) ကြားနဲ့ ရဲစခန်း တလုံးကျကွဲ အထိအခိုက်မသိသေးပါ”ဟု မြဝတီရဲစခန်းနှင့် နီးစပ်သူထံမှ သိရသည်။

ယင်းဒရုန်းဗုံးတိုက်ခိုက်ခံရမှူကြောင့် သေဆုံးထိခိုက်မှု အခြေနေကို လောလောဆယ်တွင် မသိရသေးပေ။

“မြို့ထဲမှာတော့ ဖရိုဖရဲတွေဖြစ်ကုန်ပြီ၊ လူတွေ တအားလန့်နေကြတယ်၊ ထူးဆန်းတာက စစ်တပ်က လမ်းပိတ်ပြီး အစစ်အဆေး အရင်လို မကြမ်းဘူး၊ သူတို့ အပြင်မထွက်ရဲတာလား မသိဘူး”ဟု ဒေသခံအမျိူးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့တွင်လည်း မြဝတီခရိုင်ရဲရုံးနှင့် ရဲစခန်းကို Federal wings ဒရုန်းတပ်ဖွဲ့က နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ကစတင်ပြီး မြဝတီမြို့နှင့် ၂၆ မိုင်ခန့် ဝေးကွာသည့် ကော့ကရိတ်မြို့ တွင်လည်း KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းအချို့ သိမ်းပိုက်ခံထားရသည်။

စာတည်း။ ။ နောင်နောင်