တာမွေ ရွှေထွဋ်တင်ကွင်း Waterzonic EDM Festival ပွဲကို မြို့ပြပြောက်ကျားတိုက်ခိုက်

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပနေသည့် Waterzonic EDM Festival ပွဲအား ယနေ့ ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက မြို့ပြပြောက်ကျားအဖွဲ့များပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

မွန်းလွဲ ၂ နာရီ ၅၉ မိနစ်အချိန်တွင် ပွဲကျင်းပနေသည့်နေရာနှင့် အနီးစပ်ဆုံးနေရာအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ပွဲအား ယနေ့ နေ့လယ် ၂ နာရီမှ စတင်ကာ ည ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်းကို Waterzonic Myanmar ဖေစ့်ဘွတ်ပေချ့်တွင် ကြေညာထားသည်။

“အဓိကတော့ မနေ့က တာမွေဖြစ်စဉ်မှာ ကျဆုံးသွားတဲ့ သပိတ်ရဲဘော်လေးတွေအတွက် လက်စားချေတဲ့အနေနဲ့ ပွဲကို စီစဉ်လိုက်တာပါ၊ ပြီးတော့ ဒီလိုအချိန်မှာ အပျော်အပါးတွေလုပ်ဆောင်ပြီး ပျော်ပါးနေရမဲ့အချိန် မဟုတ်ဖူးလို့ ကျနော်မြင်တယ်။” ဟု Dark Shadow UG အဖွဲ့မှ စစ်ရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား DarkShadow တပ်ဖွဲ့နှင့် မဟာမိတ် GOD ၊ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်မှုများရှိသည်ဟု သတင်းရရှိထားပြီး ပွဲအား ဆက်လက်ကျင်းပနေခြင်းရှိမရှိကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တာမွေမြို့နယ်ရှိ ဝင်ပေါက် ထွက်ပေါက်များကို ပိတ်ဆို့ထားကြောင်း မြေပြင်ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိကာလတွင် တော်လှန်ရေးအရှိန်မြင့်နေပြီဖြစ်သည့်အတွက် ပြည်သူတွေအနေဖြင့် ပူးပေါင်းပါဝင်စေချင်သလို တော်လှန်ရေးကာလအတွင်း ပေးဆပ်ရသည့် အသက်နှင့် ဘဝများစွာအတွက် စစ်ကောင်စီ ဒေါက်တိုင်များ ကျင်းပပြုလုပ်သည့်ပွဲများတွင် အချိန်ဖြုန်းမနေစေချင်ကြောင်း ပြောသည်။

ပြည်သူတွေအနေဖြင့်လည်း ယခုအချိန်တွင် သွားသတိ လာသတိဖြင့် တော်လှန်ရေးရဲဘော်များကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီစေချင်ကြောင်း DarkShadow တပ်ဖွဲ့မှ စစ်ရေးတာဝန်ခံက ဆက်ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် တာမွေမြို့နယ်၊ သီတာလမ်းထိပ်၌ပြုလုပ်သော စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် စစ်တပ်မှ ပစ်ခတ်၍ ကျဆုံးခဲ့ရသော ဆန္ဒပြလူငယ်နှစ်ဦးကိုလည်း ဝမ်းနည်းစွာဖြင့် အလေးနီပြု ဦးညွတ်ရင်း လူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာနှင့် mission များကို ပိိုမိုကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း DarkShadow တပ်ဖွဲ့က ထုတ်ပြန်သည်။

စာတည်း – သန့်ဇော်(သန်လျင်)