စစ်ကောင်စီကို အရေးယူမှုများ လုပ်ဆောင်နိုင်ရန် UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို NUG ၀န်ကြီး ‌တိုက်တွန်း

002

(မဇ္ဈိမ)။ ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံပြီး စစ်ကောင်စီကိုပိုမို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ‌ပြောသည်။

မတ်လ ၄ ရက်နေ့က ဂျီနီဗာနိုင်ငံရှိ မဟာမင်းကြီး၏ ရုံးခန်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Turk နှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ထဲတွင် ယခုထက်ပိုမို ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်၊ ဒီမိုကရေစီအင်အားစုများကို လူသားချင်းစာနာမှု၊ ဘဏ္ဍာရေး ဆိုင်ရာနှင့် နည်းပညာဆိုင်ရာများ ပံ့ပိုးလုပ်ဆောင်ပေးရန်၊ အရေးယူမှုဆိုင်ရာ၊ တာဝန်ယူမှုဆိုင်ရာ လုပ်ဆောင်မည့်အကြောင်းအရာများကို ပြင်ဆင်လုပ်ဆောင်ပေးရန် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်သာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်စစ်အုပ်စု ချိုးဖောက်နေသော ကိစ္စများအား တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေရန်အတွက် လူ့အခွင့်အရေး လမ်းကြောင်း သာမက တရားစီရင်မှု လမ်းကြောင်းများကိုပါ အသုံးပြုနိုင်စေရန် ၎င်းကဆက်လက် တိုက်တွန်းပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေး‌ကောင်စီ၌ တင်သွင်းခဲ့သည့် လူ့အခွင့်အရေး မဟာမင်းကြီး၏ တင်ပြချက်တွင် ပါဝင်သော အကြမ်းဖက်စစ်အုပ်စုကို လက်နက်နှင့် ငွေကြေး ဖြတ်တောက်မှုများ လုပ်ဆောင်နိုင်ရန်အဓိပ္ပာယ်ရှိပြီးပိုမို ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း ‌ပြောကြားခဲ့မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများကို တိုက်ရိုက် ဆက်သွယ်သည့် နိုင်ငံတကာ ချဉ်းကပ်မှုပုံစံအသစ် လိုအပ်ကြောင်း ပြောကြားခဲ့မှုတို့ကို ကျေးဇူးတင်ပြီးထောက်ခံကြောင်း ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများကို တင်ပြခဲ့ရာတွင် အကြမ်းဖက်စစ်အုပ်စုသည် လလူမဆန်စွာရက်စက်သတ်ဖြတ်မှုများကို ပြုလုပ်နေကြောင်း၊ ထို့အတူ စစ်မှုထမ်းဥပဒေသည် လူငယ်ထုနှင့် အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမည့် အခြေအနေကို ဖန်တီးရာရောက်ပြီး ထိုမျှမက စစ်တပ်အတွင်း လူသားဒိုင်းအပါအဝင် အဓမ္မလုပ်အား ‌စေခိုင်းခြင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင် ကျင့်သုံးနိုင်ရန် ရည်ရွယ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများအပေါ် ယခုထက်ပိုမိုဆိုးရွားသည့် သက်ရောက်မှုများဆီ တွန်းပို့ရာရောက်ကြောင်း ဦးအောင်မျိုး မင်းက အလေးထားတင်ပြခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာများကို စစ်သားသစ်အဖြစ် စုဆောင်းရန် ကြိုးစားနေခြင်းသည် ယခင်လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း ဘာသာရေး အဓိကရုန်းအသွင် ဖန်တီးပြီး နိုင်ငံရေးလွတ်လမ်းအဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထပ်မံထည့်သွင်း ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်ဖြစ်သည့် ဦးဂျာဘေတ် အီလောမ်လည်း တက်ရောက်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ