တလှိုင်းပြီးတလှိုင်းမြင့်လာသည့် နွေဦးတော်လှန်ရေးကို တတ်နိုင်သမျှ ဆက်လက်ပါ၀င်ကြရန် NUCC တိုက်တွန်း

တလှိုင်းပြီးတလှိုင်းမြင့်လာသည့် နွေဦးတော်လှန်ရေးကို တတ်နိုင်သမျှ ဆက်လက်ပါ၀င်ကြရန် NUCC တိုက်တွန်း

(မဇ္ဈိမ)။ ။တလှိုင်းပြီးတလှိုင်းမြင့်လာသည့် နွေဦးတော်လှန်ရေးကို တတ်နိုင်သမျှ ဆက်လက်ပါ၀င်ကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းသည်။

” နိုင်ငံတဝန်းလုံးရှိ ပြည်သူလူထုတရပ်လုံး အနေဖြင့်လည်း လှိုင်းများကဲ့သို့ တလှိုင်းပြီး တလှိုင်း အရှိန်မြင့်လာပြီဖြစ်သည့် နွေဦးတော်လှန်ရေးကြီးတွင် မိမိတို့ တတ်နိုင်သည့်နည်းများဖြင့် ဆက်လက် ပါဝင်သွားရန်၊“Operation 1027”ကို အဘက်ဘက်က ထောက်ခံပံ့ပိုးသွားရန်နှင့်“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”မည့် စီးပွားရေး သပိတ်လှုပ်ရှားမှုကဲ့သို့ လက်နက်မဲ့ လူထု တိုက်ပွဲများတွင် အင်အားအပြည့်ပါဝင်သွားကြရန်လည်း အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု NUCC က ‌ပြောသည်။

အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNTJP/MNDAA၊ PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ်အဖွဲ့များမှ ဦးဆောင်၍ BPLA၊ PLA၊ MDY-PDF စသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်သည့် “Operation 1027” စစ်ဆင် ‌ရေးကြီးကို ထောက်ခံကြိုဆို‌ကြောင်း NUCC က ဆိုသည်။

“Operation 1027” ရည်ရွယ်ချက်များကိုလည်း အသေးစိတ်လေ့လာ သုံးသပ်ခဲ့ပြီး အပြည့်အဝ သဘောတူ ‌ထောက်ခံကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်ဟု NUCC က‌ပြောသည်။

စစ်ဆင်ရေး၏ ရည်ရွယ်ချက်များအနက်မှ စစ်အာဏာရှင် အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်များ ဖွဲ့စည်းနိုင်ရေးနှင့် လူနည်းစုလူမျိုးများအတွက် ကိုယ်ပိုင်အုပ် ချုပ်ရေး ဒေသများထူထောင်နိုင်ရေး တို့သည် NUCC မှ ကိုင်စွဲလိုက်နာကျင့်သုံးနေသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) တွင် ပြဌာန်းထားသည့် နွေဦးတော်လှန်ရေး၏ မျှော်ရည်ချက်များ၊ စံတန်ဖိုးများနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ၏ အခြေခံမူများနှင့် တူညီသော ရည်ရွယ်ချက်များဖြစ်သည်ဟု NUCC က ဆိုသည်။

ထို့ပြင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ကိုလည်း ဆက်လက်ထိန်းသိမ်းသွားရန် NUCC နှင့် မြန်မာ့တော် လှန်ရေးအင်အားစုများ၏ စိတ်ရင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

စစ်ကောင်စီဘက်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် စစ်ကောင်စ်ီ ကျရှုံးနေမှုကို အမှန်အတိုင်းဆင်ခြင်သုံးသပ်ကြရန် လိုအပ်သည်ဟု NUCC ကဆိုသည်။

” အကြမ်းဖက်စစ်ကောင်စီ၏ အဘက်ဘက်က ကျရှုံးနေမှုများကို အရှိအတိုင်း အမှန်အတိုင်း ဆင်ခြင်သုံးသပ်၍ မိမိတို့ တဦးချင်း တစုတဖွဲ့ချင်းအတွင်း အချိန်ကာလမနှောင်းမီ နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ လက်နက်ချ အလင်းဝင် ပူးပေါင်းခြင်းဖြင့် ပြည်သူလူထု၏ ရင်ခွင်သို့ ခိုလှုံကြရန် ကြိုဆိုဖိတ်ခေါ်လိုက်ပြီး၊ အကြမ်းဖက် စစ်ကောင်စီအား ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ဆက်လက်သစ္စာခံ ထောက်ပံ့အားပေးနေ သူများကိုလည်း ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်း” NUCC က ဆိုသည်။