မြန်မာပြည်သူများအတွက် ယူကေအစိုးရက အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်းထောက်ပံ့မည်

Photo – ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင်အချို့အား နိုဝင်ဘာလအတွင်းက​တွေ့ရစဥ် (KHAI)

001

(မဇ္စျိမ)။         ။  ရေသန့်၊ စားနပ်ရိက္ခာနှင့် အမိုးအကာ လိုအပ်နေသူ မြန်မာပြည်သူများ အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်း (စတာလင်ပေါင် ၄ ဒသမ ၅ သန်း) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထောက်ပံ့မှုမှာ ရိုဟင်ဂျာများအပါအဝင် ဒုက္ခသည်အားလုံးအတွက် ယူကေအစိုးရ၏ အကူအညီပေးရေးအစီအစဉ်ကြီး၏ တစိတ်တပိုင်းဖြစ်ကြောင်း ဆိုထားသည်။

“ယနေ့ ကြေညာတဲ့အထောက်အပံ့များဟာ ရပ်ရွာတခုလုံး ရှင်သန်ဖွံ့ဖြိုးလာစေဖို့ အိမ်ရှင်နိုင်ငံများလိုအပ်နေတဲ့ အကူအညီတွေကို ပံ့ပိုးပေးမှာဖြစ်ပြီး ခေါင်းပုံဖြတ်ခံရမှု အန္တရာယ်ကိုပါ လျှော့ချပေးရာရောက်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အခြေအနေပေးလို့ နေရပ်ပြန်တဲ့အခါ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေဖို့၊ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေ ရရှိနိုင်စေဖို့လုပ်ဆောင်ခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitchell က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယူကေအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများအပြင် မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသူများအတွက် စတာလင်ပေါင် ၇ သန်းတန်ဖိုးရှိ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် စတာလင်ပေါင် ၄ ဒသမ ၅ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် ပဋိပက္ခများကြောင့် ကမ္ဘာတဝန်းမှ နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်သည် လူဦးရေ သန်း ၁၁၀ ကျော်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုကိန်းဂဏန်းများသည် မကြုံစဖူးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးတကြီးလိုအပ်မှုကို မီးမောင်းထိုးပြနေကြောင်းလည်း နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitcheel က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ သုံးပုံနှစ်ပုံခန့်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း UNOCHA Myanmar ၏ ဒီဇင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအတွင်း အောက်တိုဘာလ ၂၆ ရက်နေ့ တိုက်ပွဲများ အရှိန်မမြင့်ခင်ကတည်းက နေရပ်စွန့်ခွာရသူ ၂,၀၀၀,၀၀၀ ရှိပြီး လက်ရှိတိုက်ပွဲများအရှိန်မြင့်တက်လာပြီးနောက် နေရပ်စွန့်ခွာရသူ ၅၀၀,၀၀၀ကျော်တိုးလာကြောင်း UNOCHA Myanmar က ခန့်မှန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး