နိုင်ငံတကာ အိုလံပစ် ကော်မတီက ‘အိုလံပစ် အစဉ်အလာကို သင်္ဂြိုဟ်ပစ်လိမ့်မည်”ဟု ပူတင် သတိပေး

Photo; EPA

AFP

ပါရီ ၂၀၂၄ နွေရာသီ အားကစားပြိုင်ပွဲများ၌ ရုရှအားကစားသမားများအပေါ် စည်းမျဉ်းစည်းကမ်းများ ကန့်သတ်ခြင်းဖြင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC သည် အိုလံပစ် ယှဉ်ပြိုင်ကစားမှုများကို ခြိမ်းခြောက်နေသည်ဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကြာသပတေးနေ့တွင် စွပ်စွဲပြောဆိုသည်။

ရုရှ၏ ယူကရိန်း ထိုးစစ်အား မထောက်ခံသရွေ့၊ ကြားနေသရွေ့ ရုရှနှင့် ဘီလာရုစ်အားကစားသမားများအနေဖြင့် ပြင်သစ်က ပြိုင်ပွဲများ၌ ယှဉ်ပြိုင်နိုင်ခွင့်ရှိကြောင်း ယခုလအစောပိုင်းတွင် IOC က စည်းမျဉ်းချမှတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် အိုလံပစ် အစဉ်အလာ ယှဉ်ပြိုင်ကစားမှုတွေကို သူတို့ကိုယ်တိုင်ပဲ မြေမြုပ်သင်္ဂြိုဟ်တာ ဖြစ်လိမ့်မယ်”ဟု ပူတင်က ဆိုသည်။

ရုရှအားကစားသမားများ ပါရီသို့ သွားရောက် ယှဉ်ပြိုင်သင့်မသင့်ကို ပူတင်က ရှင်းလင်းသည့် အဖြေမပေးပေ။

“သွားမလား၊ မသွားဘူးလားဆိုတာက အခြေအနေတွေကို သေချာအကဲဖြတ်ရမှာ ဖြစ်တယ်”ဟု ပူတင်က ပြောသည်။

“သူတို့တွေ နိုင်ငံရေး စေ့ဆော်မှုနဲ့ ဆက်လုပ်နေမယ်၊ ကျွန်တော်တို့ရဲ့ (နိုင်ငံရေးရာ) ခေါင်းဆောင်တွေကို အဆက်ဖြတ်ဖို့ ရည်ရွယ်လုပ်ဆောင်နေမယ်၊ ကျွန်တော်တို့ အားကစားအသင်းကို အားနည်းအောင် လုပ်နေမယ်ဆိုရင်တော့ အားကစားဝန်ကြီးဌာနနဲ့ ရုရှအိုလံပစ်ကော်မတီဟာ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကို ချရပါလိမ့်မယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

အိုလံပစ်အားကစား တာဝန်ရှိသူများသည် “အနောက် ရေပေါ်ဆီများ၏ ဖိအားအောက်” ကြိုးဆွဲခံနေရကြောင်း ၎င်းက စွပ်စွဲပြောဆိုသည်။

(မိုးသဲ ဘာသာပြန်သည်။)