စက်သုံးဆီတန်းစီပြီး ပြန်ရောင်းသည့် ဈေးကွက်ဖြစ်ပေါ်

ပုံအညွှန်း- စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသည့် ယာဉ်များ / ဓာတ်ပုံ-CJ

(မဇ္ဈိမ)။ ။ စက်သုံးဆီတန်းစီပြီး လက်လီပြန်ရောင်းသည့် ဈေးကွက်ဖြစ်ပေါ်နေကြောင်း မော်တော်ယာဉ်မောင်းသူများထံက သိရသည်။

စက်သုံးဆီဆိုင်များတွင် တန်းစီပြီးနောက် ရရှိလာသည့်ဆီကို တလီ ၄,၀၀၀ကျပ် မှ ၅,၀၀၀ကျပ်အထိ ပြန်လည်ရောင်းချနေကြောင်းသိရသည်။ ထိုဈေးနှုန်းမှာ ‌စက်သုံးဆီဆိုင်ကြီးများတွင် ရောင်းချနေသည့် ဈေးနှုန်းထက် ကျပ် ၂,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေခြင်း ဖြစ်သည်။

စက်သုံးဆီဆိုင်ကြီးများတွင် ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၂,၁၀၀ ကျော်မှ ကျပ် ၂,၅၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

အထူးသဖြင့် အောက်တိန်း 92/95များ လိုသလောက် ဝယ်ယူ မရရှိသဖြင့် မော်တော်ယာဉ်များ အခက်အခဲများကြုံတွေ့ နေရကာ ထိုသို့ လက်လီ ပြန်လည်ဝယ်ယူနေရကြောင်း ယာဉ်‌ေမာင်း တဦးကပြောသည်။

‘’ကျွန်တော်က မနက်အစောကြီး ကမ်းနားဈေးများ ကုန်စိမ်းတွေ ဝယ်ပြီးပြန်ရောင်းချရတာ။ဆီဆိုင်တွေမှာက ဆီက မနက်၄နာရီလောက်ထဲကတန်းစီနေရတာ မသေချာ၊ မရေရာဘူး။ ကုန်စိမ်းတွေကလည်း မနက်အစောကြီး ဈေးမှာသွားကြိုရတယ်။ ဈေးကွဲရင် ရောင်းလို့မရတော့ဘူးလေ။ အဲဒီတော့ တလီတာကို ၄,၀၀၀ကျပ် ပေးပြီးဝယ်သုံးရတယ်ဟုလည်း’’ဟိုက်ဂျက်ကားလေးဖြင့် ဈေးကြိုနေရသူတဦးက ဆိုသည်။

ထို့အပြင်ရပ်ကွက်အတွင်း တနိုင်တပိုင်ရောင်းချနေသည့် စက်သုံးဆီဆိုင်များတွင် တလီတာ ၄,၅၀၀ကျပ်ဖြင့် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ် မောင်းသူများက ဝယ်ယူနေရသည်ဟုသိရသည်။

‘’ဆီဆိုင်တွေမှာ ဆိုင်ကယ်တွေကို ရောင်းပေးတယ်။ ဆိုင်ကယ်တစီးကို ၄,၀၀၀ဖိုးပဲရောင်းပေးတယ်။ တန်းစီရတာတော့နာရီနဲ့ချီကြာအောင်တန်းစီရတယ်။ အရင်ကဟိုနားဒီနားကို၅၀၀နဲ့လည်းလိုက်နိုင်တယ်။ အခုတော့ဆိုင်ကယ်ပေါ်ကိုတက်လိုက်တာနဲ့ ၁,၀၀၀ပဲ။ ဖောက်သည်တွေကလည်း ဆီအခက်အခဲကိုနားလည်တော့ ဈေးမဆစ်ကြဘူး။ တချို့ကျတော့လည်း ကယ်ရီမဆွဲတော့ဘဲ ဆီဆိုင်တွေမှာဆီတန်းစီပြီး ၅,၀၀၀ဝန်းကျင်နဲ့ပြန်ရောင်းတဲ့သူတွေရှိတယ်။သူတို့ကပိုတောင်တွက်ချေကိုက်နေကြတယ် ‘’ဟုလည်းဘေးတွဲဆိုင်ကယ်မောင်းသူတဦးကဆိုသည်။

လက်ရှိ ပြည်ပမှစက်သုံးဆီသယ်ဆောင်လာသည့် ဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်း၌ ရောက်ရှိနေပြီးထပ်မံရောက်ရှိလာမည်ဟု သတင်းထုတ်ပြန်ထားရှိသော်လည်းမြေပြင်အတွင် စက်သုံးဆီပြတ်လပ်နေသည်မှာ တပတ်ကျော်ကြာမြင့်နေပြီဖြစ်‌ေကြာင်းနှင့် လက်ရှိချိန်ထိ စစ်ကောင်စီက စက်သုံးဆီ အခက်အခဲကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

စာတည်း။။ အောင်ကျော်ဖြိုး