ခါမ်းပါတ်မြို့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဟုဆို

ပုံအညွှန်း – တိုက်ပွဲအတွင်း သိမ်းဆည်းရသော လက်နက်ခဲယမ်းများ/ဓါတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာ ၊အမျိုးသားညီညွတ်ရေးအစိုးရ

ပါခွီး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ခါမ်းပါတ်မြို့သို့ အမှတ်(၇၇)တပ်မ လက်အောက်ခံ ခမရ (၃၉၁) နှင့် ခလရ (၂၂၈) မှ ဗိုလ်မှူး အောင်စိုးသူ ဦးစီးသော အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)အပါအဝင် ကာကွယ်ရေးပူးပေါင်းအဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးသည့်အပြင် ၁၈ ဦး ဒဏ်ရာရရှိသွားကာ စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဖက်က ဗျူဟာကျကျလုပ်နိုင်ပြီး စစ်ကောင်စီတပ်ဖက်က လက်နက်ခဲယမ်း ထောက်ပံ့မပေး နိုင်တာကြောင့် အခုလို အကျအဆုံးများတယ်လို့ ထင်တယ်”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ရေးတာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၁၇ လက်နှင့် ခဲယမ်းများသိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေ လုံခြုံရေးများ ဆက်လက်ဆောင်ရွက်နေကြောင်းဆိုသည်။

အဆိုပါတိုက်ပွဲများကို အမှတ်(၁) စစ်ဒေသ ကလေးခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းအထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖ၊ CNDF ၊ RCDF ၊ CDF – TZ ၊ CDF – KKG ၊ PDF – Zoland ၊ RKDF ၊ TCDF နှင့် EFDF တပ်ဖွဲ့တို့ပူးပေါင်းခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

တိုက်ပွဲအတွင်း CNDF မှ ရဲဘော်တဦးကျဆုံးပြီး တဦးထိခိုက်ဒဏ်ရရာရှိကြောင်းသိရသော်လည်း အခြား တပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိ၊ မရှိကို မဇ္စျိမအနေဖြင့် မသိရှိရသေးပေ။

ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်ဗုံးချတိုက်ခိုက်မှုများရှိခဲ့ပြီး ဒေသခံများ တိမ်းရှောင်နေရကာ မြို့တွင်းသို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြို့ကို အပြီးသတ်သိမ်းယူကာ ထိမ်းချုပ်ထားခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသော တမူး-ကလေး ကားလမ်းမပေါ်၌တည်ရှိသည့် ခါမ်းပါတ်မြို့တွင် လူဦးရေ ၅,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ