နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၆ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦး ကျော်သေဆုံးကာ လက်နက် ၁၇ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အမေရိကန် ပြည်ထောင်စု Department of State မှ အရာရှိများနှင့် NUG အစိုးရ နိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ လူ့အခွင့်အရေး ဒုတိယဝန်ကြီးတို့ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယနေ့ ကျရောက်သည့် (၂၇၁၅)နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့တွင် တအာင်း တိုင်းရင်းသား ပြည်သူများနှင့် အတူ ပြည်ထောင်စုဖွား ညီနောင်သားချင်းအားလုံး ရွှေရောင်ထွန်းလင်းမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး၌ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြွယ်ဝ ဘေးရန် အပေါင်း ကင်းဝေးကာ ကျန်းမာချမ်းသာစွာနှင့် နှစ်သစ်အခါသမယကို ကြိုဆိုဖြတ်သန်း နိုင်ကြ ပါစေရန် CRPH က ဆုတောင်းမေတ္တာ ပို့သလိုက်ကြောင်း ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုး နှင့် ကုလသမဂ္ဂဆိုင်ရာ OIC သံအမတ်ကြီး (Ambassador Hameed Opeloyeru, Permanent Observer of the OIC) တို့ အကြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရခိုင်ပြည် မင်းပြားမြို့ မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် နေ့ လယ် ပိုင်းအချိန်ခန့်က အရပ်သားတစ်ဦး စက်ဘီးစီး၍ သွားလာရာမှ မြေမြှုပ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားကြောင်း ဒေသတွင်း နေထိုင်သူများက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်အများတွင် နှစ်ရက်တာအတွင်း ပေါက်ကွဲမှုပေါင်း ၁၉ ကြိမ်အထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် AA ( ရက္ခိုင့်တပ်တော်)တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် မြို့နေလူဦးရေ ၇,၀၀၀ နီးပါး ကျေးရွာနှင့်ချောင်းဖျားများဆီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ အနောက်ခြမ်းရှိ ကုန်းသာ ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲ အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းသုံး တိုက်ခိုက် မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သ်ိရသည်။

မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်ရရန် နိုင်ငံကူးလက်မှတ်ရုံးရှိဝန်ထမ်းနှင့် ပွဲစားများကို အမြန် ကြေး ကျပ် ၁,၀၀၀,၀၀၀ (၁၀သိန်း)အထိ ပေးဆောင်နေရကြောင်း နိုင်ငံကူးလက်မှတ် လျှောက် ထားသူများက ပြောသည်။

မန္တလေးတိုင်း၊ တောင်သာနှင့် ငါန်းဇွန်မြို့နယ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကြံ့ခိုင်ရေး ပါတီ ၀င်ငါးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာသည် ပြည်တွင်းရေးကိစ္စဖြစ်ပြီး ပြဿနာ၏ အဓိကသော့ချက်ကို ဖြေရှင်းရန် မြန်မာပြည်သူများ၏ လက်ထဲတွင်သာ ရှိနေကြောင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ ပြဿနာကို ကောင်းစွာဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံအမတ်များနှင့်တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီ၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးကို နောက်ခံထား၍ အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ တွစ်တာ လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီ တပ်က ရဟတ်ယာဥ်ဖြင့် ပိုဆောင်လိုက်သော စစ်ကူစစ်ကြောင်းများကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အလောင်းများနှင့် ဗိုလ်မှူးအဆင့် အပါအဝင် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် စစ်ကောင်စီ၏ ဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ပြီး လက်နက်ခဲယမ်းများ အပါအဝင် စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်ရရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာခြားသော တဖက် တာလောကြီးရွာအတွင်းရှိ စစ်တပ်နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းအထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က ယနေ့မနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရွာကို ထိန်းချုပ်ထားကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲများအတွင်း စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးထားတဲ့ အရပ်သား ၄၃၀ကျော် ရှိပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၁၅နေ့မှာ ထုတ်ပြန်ကြေညာသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ် ၁၄၄ မိုင်၌ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

စစ်ကောင်စီ

စစ်ကောင်စီက ရုရှားနိုင်ငံလုပ် SU-30 တိုက်လေယာဉ် ၂ စီးကို ယမန်နေ့ တပ်မတော်လေတွင် စတင် အသုံးပြုသည့် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အဆိုပါ လေယာဉ်များကို လက်ရှိဖြစ်ပွား နေသော ပြည်တွင်းတိုက်ပွဲများတွင် အသုံးပြုမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အထူးအရာရှိအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကျော်ရွှေထွန်းကို ပြီးခဲ့သည့် နိုဝင်ဘာလလယ်လောက်က တွဲဖက်တာဝန်ပေးခဲ့ကြောင်း ဒီဇင်ဘာလ ဒုတိယပတ်တွင် ထုတ်ဝေသည့် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။

နိုင်ငံ၏ စီးပွားရေးအခြေအနေကို မြှင့်တင်ရန် ကြိုးပမ်းခဲ့၍ အခု ကုန်ထုတ်လုပ်ငန်းနှင့် ကုန်စည်ကူးသန်း ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အိန္ဒိယနိုင်ငံအကောက်ခွန်က မြန်မာအကောက်ခွန်ဌာနကို သတင်းပေးပို့မှုကြောင့် ရန်ကုန်လေဆိပ် မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ဒီဇင်ဘာ ၁၆ သုံးသပ်ချက်

စစ်ဆင်ရေး ၁၀၂၇ စတင်သည့်အချိန်မှ ယနေ့အထိ စစ်ကောင်စီတပ်များ အထိနာနေပြီး အနည်းဆုံး ဗိုလ်မှူးအဆင့်မှ အဆင့်မြင့်အရာရှိကြီးများအထိ သေဆုံးနေသည်အထိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် စစ်ရေးအစွမ်းရည်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများပါ ယိုယွင်းပျက်ဆီးကာ လူဆိုးဂိုဏ်အဆင့်သာရှိနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ ပြဿနာကို ပြည်သူများသာဖြေရှင်းနိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုလာသည့်အတွက် မြန်မာပြည်သူများကို ဒုက္ခပေးနေသည့် စစ်အုပ်စုအား ပိတ်ဆို့အရေးယူရန် တရုတ်နိုင်ငံအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။