ကနီမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်

လွှမ်းမိုး

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် အဖြစ် ယနေ့ (ဇွန်လ ၁၉ ရက်)တွင် ပန်းသပိတ်ပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ ထံမှ သိရသည်။

“ ငုံ့မခံဘဲတုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” စာသားပါ ဘန်နာများကိုင်ဆောင်ကာ နှင်းဆီပန်းတထောင်ဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်း သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သံတိုင်နောက်က လူထုခေါင်းဆောင်နဲ့အတူ အကျဉ်းစံရဲဘော်တွေ လွတ်မြောက်ဖို့ရည်ရွယ်သလို သံတိုင် တွေရဲ့အပြင်မှာရှိနေတဲ့ ပြည်သူလူထု‌အပေါင်းကလည်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အာဏာရှင် အမြစ်ပြတ်သည်ထိတော်လှန်သွားမယ့် စစ်အုပ်စုရဲ့ အရှိုက်တည့်တည့်ထိ‌စေမယ့် ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေဆိုတာ ပြသခြင်းလည်းဖြစ်တယ်” ဟု အမျိုးသမီးမဟာမိတ်အင်အားစု (WAB) အဖွဲ့ဝင် တဦးက ဆိုသည်။

ပန်းသပိတ်ကို ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီ၊ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)နှင့် ကနီ မြို့နယ် ပြည်သူ့အခြေပြုကျောင်းမှ ဆရာ၊ ဆရာမများ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၁,၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့သည်။

ယနေ့(ဇွန်လ ၁၉ ရက်)သည် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံ ထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းထောင်တွင်းဖြတ်သန်းရသည့် လေးနှစ်မြောက်မွေးနေ့ ဖြစ်သည်။

စာတည်း။ ။စောဖေ