တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ မြင့်တက်နေခဲ့ဟု ဖိလစ်ပိုင်သမ္မတ ပြော

Photo – AFP

The Straits Times – ပြီးခဲ့သည့်လများအတွင်း တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများက လျော့နည်းရမည့်အစား ပိုမိုမြင့်တက်ထားခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောသည်။ “တရုတ်၏ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း တိုးမြှင့်ပြသလာမှု” က အာရှအိမ်နီးချင်းနိုင်ငံများအတွက် “အစစ်အမှန် စိန်ခေါ်မှု” တရပ်ကို ဖြစ်စေကြောင်း ၎င်းက သတိပေးသည်။

ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန်အကြား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ စိတ်တူသဘောတူ မဟာမိတ်များအကြား ခိုင်မာသည့် မဟာမိတ်ဖွဲ့မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း မားကို့စ်က ဒီဇင်ဘာ ၁၆ ရက်က ဂျပန်သတင်းမီဒီယာနှင့် အင်တာဗျူးတခုတွင် အလေးပေး ပြောဆိုသည်။

“ဒီ မကြာသေးတဲ့လတွေ၊ နှစ်တွေမှာ တင်းမာမှုတွေက လျော့နည်းသွားရမယ့်အစား ပိုပြီးတော့ မြင့်တက်နေတယ်လို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်” ဟု မားကို့စ်က ပြောကြောင်း ၎င်း၏ ရုံးမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တရပ်အရ သိရသည်။ မားကို့စ်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ဂျပန်၏ တိုကျို ထိပ်သီးအစည်းအဝေးကို တက်ရောက်လျက် ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အကြာက တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား သောင်ခုံတခုအနီး သင်္ဘောများ တိုက်မိမှုနှင့်ပတ်သက်ပြီး ပေကျင်းနှင့် မနီလာအကြား အပြန်အလှန် စွပ်စွဲမှုများ လုပ်ဆောင်ခဲ့သည်။ အရေးပါသည့် ရေကြောင်းနှင့်ပတ်သက်ပြီး တင်းမာမှုများက အရှိန်မြင့်နေခဲ့သည်။

နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော်ရှိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် ဖြတ်သန်းရာ ရေလမ်းကြောင်းတခုဖြစ်သည့် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောသည်။ တချိန်တည်းမှာပင် တောင်တရုတ်ပင်လယ်၏ နယ်မြေအစိတ်အပိုင်းများကို ပိုင်ဆိုင်ကြောင်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း အရေးဆိုထားခြင်းနှင့်အတူ အငြင်းပွားမှုများ ဖြစ်နေခဲ့သည်။

တရုတ်၏ ပြောဆိုချက်များက ဥပဒေအခြေခံ မရှိဟု ၂၀၁၆ ခုနှစ်က ခုံသမာဓိ အမြဲတမ်းတရားရုံးက ပြောသည်။ ထိုတရားရုံး ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပြီး ပေကျင်းက ပယ်ချသည်။

“ပါဝင်ပတ်သက်တဲ့ မတူညီတဲ့ နိုင်ငံတွေအကြား ငြိမ်းချမ်းမှုအတွက် အကြံပြုတိုက်တွန်းဖို့နဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ ဆက်လုပ်ဖို့ ကျွန်တော်တို့ ဆက်လုပ်ရပါမယ်” ဟု မားကို့စ်က ပြောသည်။